သပိတ်ကျင်းတွင် နာရေးကားဖြင့် လက်နက်ခဲယမ်း လာပို့သည့် ပျူစောထီးများကို တိုက်ခိုက်မှု ၃ ဦးသေဆုံးပြီး လက်နက်နှင့်ကျည်များ သိမ်းဆည်းရရှိ၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွား
ရန်ကုန်၊ နိုဝင်ဘာ ၁၇
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် နာရေးကားဖြင့် လက်နက်ကြီးကျည်များ လာပို့သည့် ပျူစောထီးများကို ပစ်ခတ် တိုက်ခိုက်ရာ ၃ ဦးသေဆုံးပြီး လက်နက်နှင့် ကျည်များ သိမ်းဆည်းရရှိခဲ့ကြောင်း ကြာညှပ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်တွင် အကြမ်းဖက် စစ်တပ်၏ အမှတ် ၁၃ တပ်မတော် တန်းမြင့် လေ့ကျင့်ရေးကျောင်း (တတက ၁၃) မှ ပျူစောထီးများက နာရေးကားဖြင့် သပိတ်ကျင်းမြို့နယ်၊ လက်ပံကုန်းကျေးရွာ ၌ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများထံ လက်နက်ကြီးကျည်များ လာရောက်ပို့ဆောင်စဥ် တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း ပျူစောထီး ၃ ဦး သေဆုံးကာ ၎င်းတို့ သယ်ဆောင်လာသော လက်နက်ကြီးကျည်များနှင့် သေနတ် ၂ လက်တို့ကို သိမ်းဆည်း ရရှိခဲ့ပါကြောင်း သိရှိရသည်။
ထို့ပြင် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ နမ့်ခမ်းမြို့နယ်၊ ကျောက်မဲမြို့နယ်နှင့် နောင်ချိုမြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားပြီး စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၆ နာရီ၊ ၆ နာရီ ၅၀ မိနစ်နှင့် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တို့တွင် နမ့်ခမ်းမြို့ရှိ အကြမ်းဖက် စစ်တပ်၏ သစ်ကုန်း စခန်း၊ ကျောက်မဲမြို့နယ် လုံကြိမ်ကျေးရွာအနီးနှင့် နောင်ချိုမြို့နယ် ဂုတ်တွင်းအနီး တို့၌ အကြမ်းဖက် စစ်တပ်နှင့် တအာင်းတပ်မတော် PSLF/TNLA + MDY PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ နမ့်ခမ်းမြို့နယ် စစ်ကောင်စီ ခလရ-၁၄၄ မန်တပ် တပ်စခန်းကလည်း တိုက်ပွဲဖြစ်ပွားရာ နမ့်ခမ်းဘက်ကို လက်နက်ကြီးဖြင့် ၅ ကြိမ် ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ကွတ်ခိုင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ နမ့်ဖတ်ကာတပ်စခန်းကလည်းတိုက်ပွဲဖြစ်ပွားရာ နမ့်ခမ်းဘက်ကို လက်နက်ကြီးဖြင့် ၁၂ ကြိမ် ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။