မတ္တရာမြို့နယ်၊ ပတ်လည်အင်းရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးပြီး ရဲ ၁ ဦးအရှင်ဖမ်းမိ
■ စစ်ကူလာသော စစ်သားများက ပြည်သူ ၁၂ ဦး ပစ်သတ်ပြီး နေအိမ် ၉ လုံးကို မီးရှို့ဖျက်ဆီး
ရန်ကုန်၊ နိုဝင်ဘာ ၁၈
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ပတ်လည်အင်းရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးပြီး ရဲ ၁ ဦး အရှင် ဖမ်းဆီးရမိခဲ့ကြောင်း NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ထားသည်။
နိုဝင်ဘာလ ၁၆ ရက်နေ့တွင် မတ္တရာမြို့နယ်၊ ပတ်လည်အင်းရွာ၌ ဗိုလ်ကြီး ကျော်ဟိန်း ဦးစီးသော စစ်ကောင်စီ တပ်သား ၅၀ ခန့် အခြေချနေ တပ်စွဲထားသော တပ်စခန်းကို ပြည်သူ့ကာကွယ်ရေး တပ်မတော်တပ်ရင်း၊ စဥ့်ကူးမြို့နယ် ပကဖနှင့် မတ္တရာမြို့နယ် ပကဖ တို့က ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၀ ဦး သေဆုံးကာ ၅ ဦး ထိခိုက် ဒဏ်ရာရရှိပြီး ရဲ ၁ ဦး အရှင်ဖမ်းဆီးရမိကာ သေနတ် ၃ လက်၊ ကျည် ၄၉ တောင့်နှင့်ကျည်အိမ် ၇ ခု သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ပွဲ ဖြစ်ပွားရာ ပတ်လည်အင်းရွာကို အင်ကြင်းမြိုင်ရွာအနီးရှိ လေကြောင်းရန် ကာကွယ်ရေးတပ် လကတ-၁၀၁၄ မှ အင်အားဖြည့်ရန်လာသော ကားများသည် အောင်ကံသာရွာ အရောက်၌ အားသစ် လက်ဖက်ရည်ဆိုင်ကို အကြောင်းမဲ့ ပစ်ခတ်ခဲ့သောကြောင့် ဆိုင်ပိုင်ရှင် မိသားစုနှင့် ဆိုင်အနီးဝန်းကျင်ရှိ ပြည်သူစုစုပေါင်း ၁၁ ဦး ကျား ၁၀-ဦး၊ မ ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် ယင်း အကြမ်းဖက် စစ်တပ်စစ်ကြောင်းသည် ပွဲစားကုန်းကျေးရွာမှ ပြည်သူ ၁ ဦးကိုလည်း ပစ်သတ်ခဲ့ပြီး ပတ်လည်အင်းရွာရှိ နေအိမ် ၉ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
