မင်းပြားမြို့အတွင်း စစ်တပ်က စက်သေနတ်ဖြင့် လှည့်လည် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြား
ရန်ကုန်၊ နိုဝင်ဘာ ၁၈
ရခိုင်ပြည်နယ်၊ မင်းပြားမြို့အတွင်း အကြမ်းဖက် စစ်တပ်က စက်သေနတ်ဖြင့် လှည့်လည် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
နိုဝင်ဘာ ၁၇ ရက်နေ့ ည ၆ နာရီ မိနစ် ၃၀ခန့် ကစတင်ပြီး အကြမ်းဖက် စစ်တပ်က မင်းပြားမြို့ပေါ်ကို လှည့်လည်၍ ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး လက်နက်ကြီးများဖြင့်လည်း ဆက်တိုက်ပစ်ခတ်များ လုပ်ဆောင်ခဲ့ကြောင် မင်းပြားမြို့ခံ တစ်ဦးက ပြောဆိုသည်။
“ည ၆နာရီ မိနစ် ၃၀ လောက်ကနေ စပြီးတော့ ပစ်တယ်။ ညကျတော့ မြို့ကိုလှည့်လည်ပြီး စက်သေနတ်တွေနဲ့ တစ်လျှောက်ပစ်တယ်။ အဲဒီလိုပစ်နေတဲ့အချိန်မှာ မင်းပြား စစ်ကောင်စီတပ်ရင်းကလည်း လက်နက်ကြီးတွေနဲ့ တစ်လျှောက်ပစ်တယ်။ ပစ်ခတ်မှုကတော့ ၁၀နာရီကျော်လောက်မှာ ရပ်သွားတယ်။ မိုးအရမ်းရွာတော့ သူတို့လည်း ပစ်တာတွေမလုပ်တော့ဘူး။ ၁၀ နာရီကျော်လောက်မှာ လုံးဝရပ်သွားတယ်”ဟုပြောသည်။
မင်းပြားမြို့တွင် ရှိသည့် စစ်ကောင်စီတပ်ရင်းများဖြစ်ကြသော ခြေမြန်းတပ် ခမရ ၃၇၉၊ ၅၄၁ နှင့် ၃၈၀ တို့မှ လက်နက်ကြီးများဖြင့် ည ၆ နာရီ ၃၀ မိနစ်လောက် စတင်ပစ်ခတ်ခဲ့ပြီး ၁၀ နာရီကျော်ခန့်တွင် ပစ်ခတ်မှု ရပ်တန့်သွားကြောင်း ဒေသခံများကပြောဆိုသည်။
စစ်ကောင်စီတပ်က ယင်းကဲ့သို့ မြို့ပေါ်လှည့်လည်၍ ရမ်းသမ်းပစ်ခတ်မှုကြောင့် အနည်းဆုံးအရပ်သား နှစ်ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများလည်း ရှိကြောင်း မင်းပြားဒေသခံများက ပြောဆိုသည်။
“အနည်းဆုံး နှစ်ယောက်လောက်သေတယ်လို့ ဒီကနေ့မနက်ပိုင်းက သတင်းရတယ်။ မော်တော်ပီကေဂိတ် ဈေးဟောင်းပိုင်းရပ်ကွက်မှာ တစ်ယောက်သေတယ်လို့ ကြားတယ်။ လက်နက်ငယ်ထိပြီးတော့ သေတယ်။ နောက်ပြီးတော့ မင်းပြားမြို့ကျောင်းတက်လမ်းရပ်ကွက်က တစ်ယောက်သေတယ်။ ဒီကနေ့မနက်လည်း အပြင်မထွက်ရဲကြလို သတင်းအတိအကျရဖို့ ခက်ခဲနေတယ်”ဟုပြောသည်။
ထို့ပြင် မင်းပြားမြို့ ဦးစိုးတင့်ရပ်ကွက်တွင် စစ်ကောင်စီတပ်ရင်းများက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်တစ်လုံးမပေါက်ကွဲဘဲကျန် ရှိနေသေးကြောင်းနှင့် မင်းပြားမြို့ အောင်သာယာ ရပ်ကွက်တွင်လည်း လက်နက်ကြီးကျည် တစ်လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း မြို့ခံများက ပြောသည်။
မင်းပြားတွင် တစ်စုံတစ်ရာတိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ယင်းကဲ့သို့ မင်းပြားမြို့ပေါ်သို့ လှည့်ပတ်ပြီး စစ်ကောင်စီတပ်က ရမ်းသမ်း ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းလုပ်ရပ်အပေါ် တာဝန်ယူရမည်ဖြစ်ကြောင်း မင်းပြားဒေသခံများက ပြောဆိုသည်။
လက်ရှိချိန်တွင် မင်းပြားမြို့၌ လမ်းသွားလမ်းလာသူများ မရှိဘဲ တိတ်ဆိတ်လျက်ရှိကြောင်း သိရသည်။
(Western News-WNသည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)