ရေဦး-ဒီပဲယင်း လမ်းပိုင်းတွင် စစ်တပ်က တပ်စွဲထားပြီး ရေဦးရှိ ကျေးရွာများကို ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာ ၉ ရွာကျော်မှ သောင်းနှင့် ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ
■ စစ်ဘေးရှောင် ပြည်သူများ စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်နေ
ရန်ကုန်၊ နိုဝင်ဘာ ၁၈
စစ်ကိုင်းတိုင်း၊ ရေဦး-ဒီပဲယင်း လမ်းပိုင်းတွင် စစ်တပ်က တပ်စွဲထားပြီး ရေဦးရှိ ကျေးရွာများကို ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာ ၉ ရွာကျော်မှ သောင်းနှင့် ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရေဦးအခြေပြုPeople’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၁၀ ရက်နေ့က စတင်ကာ ရေဦး-ဒီပဲယင်း လမ်းဘေးရှိ မုတ်စီရွာနှင့် မူးဆုံရွာတွင် အကြမ်းဖက် စစ်တပ်က တပ်စွဲထားပြီး ရေဦးမြို့ပေါ် တိုင်းရင်းဆေးရုံရှိ အကြမ်းဖက် စစ်တပ်က ရေဦးရှိ ကျေးရွာများကို ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ကျေးရွာ ၉ ရွာကျော်မှ သောင်းချီသော ပြည်သူများသည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
လက်ရှိချိန်တွင် ရေဦးမြို့နယ် အနောက်ဘက်ခြမ်းရှိ မစိုးရိမ်ရွာ၊ အောင်သာရွာ၊ မူးဆုံရွာ၊ မုတ်စီရွာ၊ ငြုတ္တုံရွာ၊ ကုန်းကြီးရွာ၊ ကုန်းတန်းရွာ၊ နှောကုန်းရွာနှင့် ရွာမိဿာရွာ စသည့် ကျေးရွာများမှ စစ်ဘေးရှောင် ပြည်သူ ၁၀၀၀၀ ကျော် ၉ ရက်တာ ထွက်ပြေးတိမ်းရှောင်နေရပြီး ကယ်ဆယ်ရေး စခန်းများတွင် စားနပ်ရိက္ခာများ ပြတ်လပ်နေပြီး ဆေးဝါးများလည်း အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရှိရသည်။
” ၁၀ ရက်နေ့ ကနေစပြီး ဒီနေ့ ၉ ရက်မြောက်ရှိပြီး ဘေးလွတ်ရာ တိမ်းရှောင်နေကြရတုန်းပဲ မိုးကလည်း ၁၆ရက်နေ့ကစရွာတယ် ဒီနေ့အထိ ရွာနေတုန်းပဲ အချို့စစ်ရှောင်တွေက ဇရပ်တွေ သစ်ပင်ကြီးကြီးအောက်တွေမှာ မိုးကာလေးတွေအုပ်မိုးပြီး ဖြစ်သလိုနေထိုင်ချက်စားနေကြရတယ် ၉ ရက်ရှိပြီး တိမ်းရှောင် နေရတာကြောင့် စစ်ရှောင်လက်ခံတဲ့ နေရာတွေမှာလည်း စားနပ်ရိက္ခာပြတ်တာတွေရောကြောင့် သူတို့မှာပါလာတဲ့ အိုးခွက်လေးတွေနဲ့ ချက်စားနေကြရတယ်။ တချို့က ဘုန်းကြီးကျောင်းတွေမှာ တချို့က တောတိုက်တွေထဲမှာ သက်ကြီးရွယ်အိုတွေကအစ လှည်းနွားတွေနဲ့ မိုးထဲရေထဲမှာပဲ နေနေကြရတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ပြောဆိုသည်။
စစ်ဘေးရှောင် ပြည်သူများကို လှူဒါန်းလိုသော ပြည်သူများ အနေဖြင့် ရေဦးမြို့နယ် စစ်ရှောင်ပြည်သူထောက်ပံ့ရေးအဖွဲ့၏ https://www.facebook.com/profile.php?id=100089378107176… Page ကို ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။