လွိုင်ကော်မြို့ အခြေစိုက် UN နှင့် INGO ဝန်ထမ်းများ၊ မိသားစုဝင်များကို ဘေးကင်းရာ ရွှေ့ပြောင်း ပေးနိုင်ခဲ့သော်လည်း မြို့တွင်း၌ ပိတ်မိနေသော ပြည်သူများ ကျန်ရှိနေ
■ စစ်ဘေးရှောင် ပြည်သူ ၃၅၀၀၀ ကျော်အတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အမိုးအကာများ အရေးပေါ်လိုအပ်နေ
ရန်ကုန်၊ နိုဝင်ဘာ ၁၈
ကယားပြည်နယ်၊ လွိုင်ကော်မြို့ အခြေစိုက် UN နှင့် INGO ဝန်ထမ်းများ၊ မိသားစုဝင်များကို ဘေးကင်းရာ ရွှေ့ပြောင်း ပေးနိုင်ခဲ့သော်လည်း မြို့တွင်း၌ ပိတ်မိနေသော ပြည်သူများ ကျန်ရှိနေကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)နှင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ ပူးတွဲ ထုတ်ပြန်ချက်အရ သိရသည်။
လွိုင်ကော်မြို့ အခြေစိုက် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းများ (United Nations-UN) နှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ (INGOs) ၏ ဝန်ထမ်းများနှင့် မိသားစုဝင်ပေါင်း ၂၂၈ ဦးကို ဘေးကင်းလုံခြုံစွာဖြင့် ရွှေ့ပြောင်းနိုင်ရေးအတွက် ရှေ့တန်းတွင် တိုက်ပွဲဝင်နေကြသည့် ကရင်နီပြည် တော်လှန်ရေး တပ်ပေါင်းစုံမှ စစ်ဆင်ရေးမှူးများ၊ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)နှင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) တို့အကြား ညှိနှိုင်း၍ ပစ်ခတ်တိုက်ခိုက်မှုကို လျော့ချကာ စီစဉ်ပေးခဲ့ကြောင်း သိရှိရသည်။
ယင်းသို့ ပစ်ခတ်တိုက်ခိုက်မှု လျော့ချပေးခြင်းကြောင့် UN နှင့် INGO ဝန်ထမ်းများနှင့် မိသားစုဝင်များလိုက်ပါသော မော်တော်ယာဉ် ၃၃ စီးပါ ယာဉ်တန်းသည် လွိုင်ကော်မြို့မှ ထွက်ခွာ၍ တောင်ကြီးမြို့သို့ ဘေးကင်းလုံခြုံစွာ ရွှေ့ပြောင်းနိုင်ခဲ့ကြောင်း သိရသည်။
UN နှင့် INGO များ၏ ဝန်ထမ်းများနှင့် မိသားစုဝင်များ ဘေးကင်းလုံခြုံစွာ ထွက်ခွာနိုင်ခဲ့သော်လည်း လွိုင်ကော်မြို့အတွင်း ပိတ်မိနေသည့် ပြည်သူများ ကျန်ရှိနေဆဲဖြစ်ပြီး အန္တရာယ်ဇုန်အတွင်း ရှိနေကြဆဲ ဖြစ်ကြောင်း၊ ထို့ပြင် ဘေးလွတ်ရာကို စစ်ဘေးရှောင်နေကြရသည့် ပြည်သူဦးရေ ၃၅၀၀၀ ကျော်အတွက် အခြေခံစားနပ်ရိက္ခာ ဆေးဝါးနှင့် အမိုးအကာများလည်း အရေးပေါ်လိုအပ်လျက်ရှိကြောင်း သိရှိရသည်။
ပြည်သူများ၏ အရေးပေါ် လိုအပ်ချက်အတွက် UN အပါအဝင် INGO များအနေဖြင့် နယ်စပ်ဖြတ်ကျော် အကူအညီပေးရေး အစီအစဉ်များကို လက်တွေ့အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များအနေဖြင့် လွိုင်ကော်မြို့တွင်း ပိတ်မိနေသော ပြည်သူများကို ဘေးလွတ်ရာသို့ ထွက်ခွာခွင့် ပေးရန်လိုအပ်ကြောင်း ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)နှင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ပူးတွဲ ကြေညာချက် ထုတ်ပြန်ထားသည်။
မြေပြင်တွင် ကူညီဆောင်ရွက်ပေးခဲ့ကြသည့် ကရင်နီပြည် တော်လှန်ရေးတပ်ပေါင်းစုံနှင့် လူမှုအခြေပြုအဖွဲ့အစည်းများ အားလုံးတို့ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နှင့် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) တို့က အထူးပင် ကျေးဇူးတင်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Photo – လွိုင်ကော်မြို့မှ စစ်ဘေးရှောင် ပြည်သူများ
