28 C
Yangon

Breaking News- တန့်ဆည်မြို့ပေါ် စစ်တပ် တပ်စွဲထားသော ထွေ/အုပ်ရုံး၊ အထက ၁ ၊ ပြည်သူ့ဆေးရုံနှင့် ဝန်ထမ်းအိမ်ရာဝင်းတို့ကို တော်လှန်ရေးတပ်ဖွဲ့များက ယနေ့ နံနက်အစောပိုင်း ဝင်ရောက်စီးနင်း သိမ်းပိုက်၊ စစ်တပ်ဘက်မှ သေဆုံးမှုများပြား

Must read

Breaking News- တန့်ဆည်မြို့ပေါ် စစ်တပ် တပ်စွဲထားသော ထွေ/အုပ်ရုံး၊ အထက ၁ ၊ ပြည်သူ့ဆေးရုံနှင့် ဝန်ထမ်းအိမ်ရာဝင်းတို့ကို တော်လှန်ရေးတပ်ဖွဲ့များက ယနေ့ နံနက်အစောပိုင်း ဝင်ရောက်စီးနင်း သိမ်းပိုက်၊ စစ်တပ်ဘက်မှ သေဆုံးမှုများပြား

ရန်ကုန်၊ နိုဝင်ဘာ ၂၂

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ်ရှိ စစ်ကောင်စီတပ် တပ်စွဲထားသော ပြည်သူ့ဆေးရုံကြီး၊ အထွေထွေအုပ်ချုပ်‌ရေးမှူးရုံး၊ ဝန်ထမ်းအိမ်ရာနှင့် အထက(၁) တို့ကို တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်က ဝင်ရောက်စီးနင်း သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၂ရက် နံနက် ၀၀ နာရီ ၃၀ မိနစ်မှ နံနက် ၃နာရီခန့်အထိ တန့်ဆည်မြို့‌ပေါ်ရှိ စစ်တပ်အခြေချ အထိုင်စခန်း ၄ ခုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်ကျ‌ဆုံးမှု များစွာဖြင့် စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့ကြောင်း၊ ပြည်သူ့ဆေးရုံကြီးထဲမှ ဆေးနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“ကျုပ်တို့က ရုတ်တရက် သူတို့အထိုင်ချထားတဲ့ နေရာတွေကို ဝင်စီးတာဆိုတော့ ဟိုကောင်တွေ ပြန်ပစ်ချိန်တောင်မရဘူး ဒဏ်ရာတွေနဲ့ပဲ အလောင်းတွေရောကောက်ပြီး ရဲစခန်းဘက်ကို ထွက်ပြေးကြတယ်။ သိမ်းဆည်းရမိတာတွေရှိတယ် လောလောဆယ်တော့ စိစစ်ဆဲပါ” ဟု ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို အမှတ်(၁) စစ်ဒေသ၊ ရွှေဘိုခရိုင်ကွပ်ကဲရေး၏ ဦးဆောင်မှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ရွှေဘိုခရိုင် တပ်ရင်း(၆)၊ တပ်ရင်း(၇)၊ တပ်ရင်း(၈)၊ တပ်ရင်း(၉)၊ တပ်ရင်း(၁၀)၊ တပ်ရင်း(၁၆)၊ တပ်ရင်း(၂၅)၊ တန့်ဆည်မြို့နယ်ပကဖ နှင့် ဒေသကာကွယ်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရွှေဘိုခရိုင်တပ်ရင်း(၉)မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။

တိုက်ပွဲမဖြစ်ပွားခင် နိုဝင်ဘာလ၂၁ ရက်နေ့ ည ၈ နာရီခန့်က တန့်ဆည်မြို့မရဲစခန်း၊ ထွေအုပ်ရုံးနှင့် စည်ပင်ရုံးအနီးရှိ ‌နေအိမ်များကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ တန့်ဆည်မြို့ပေါ်မှ ထွက်ပြေးတိမ်းရှောင်ကြသော မြို့ခံပြည်သူ ၂၀ ဦးခန့်ကို နိုဝင်ဘာလ ၂၀ရက်နေ့တွင် စစ်ကောင်စီတပ်က အတင်း အဓမ္မဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကောင်စီတပ်များ တပ်စွဲထားသည့် တန်ဆည်မြို့ ပြည်သူ့ဆေရုံ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article