မူဆယ်တွင် ၁၀၅ မိုင် စစ်တပ်စခန်းက ပစ်ခတ်သည့် လက်နက်ကြီးကျည် ဘုန်းကြီးကျောင်းထဲသို့ ကျရောက်ပေါက်ကွဲပြီး ကိုရင်တစ်ပါး ဒဏ်ရာရ၊ နမ့်ခမ်းတွင် စစ်တပ်က လက်နက်ကြီးများ ဆက်တိုက်ပစ်နေ
ရန်ကုန်၊ နိုဝင်ဘာလ ၂၂
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်တွင် ၁၀၅ မိုင်စစ်တပ်စခန်းက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် အောက်နမ့်ဟွယ်ကျေးရွာ၊ ဇေယျာမင်္ဂလာ ဘုန်းကြီးကျောင်းအတွင်းကျရောက်ပေါက်ကွဲပြီး ကိုရင်ကြီးတစ်ပါး ဒဏ်ရာရရှိကြောင်း ဒေသပြည်သူများနှင့် TNLA ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ယနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန်တွင် မူဆယ်မြိုနယ် ၁၀၅ မိုင်ရှိ စစ်ကောင်စီတပ်စခန်းက ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်သည် အောက်နမ့်ဟွယ်ကျေးရွာ၊ ဇေယျမဂ်လာဘုန်းကြီးကျောင်းတိုက်အတွင်း ၁ လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ဘုန်းကြီးကျောင်းအတွင်း စစ်တပ်၏ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကိုရင်ကြီး ၁ ပါး ပေါင်နှစ်ဖက်လုံးတွင် ကျည်စထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ကား ၃ စီးနှင့် ကျောင်းအဆောက်အအုံ ၃ ခုလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။
အလားတူ ယနေ့နံနက် ၉ နာရီ ဝန်းကျင်အချိန် စစ်ကောင်စီ၏ စခန်းသစ်တပ်စခန်းက လက်နက်ကြီးပစ်ခတ်ခဲ့သဖြင့် နမ့်ခမ်းမြို့၊ မန်လုံကျေးရွာသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် ၁ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“စစ်တပ်က မနေ့ညကရော၊ အခုရော တစ်ချိန်လုံး လက်နက်ကြီးတွေ ပစ်နေတယ်။ မရပ်မနားကို ပစ်နေတာ” ဟု နမ့်ခမ်းမြို့မှ စစ်ဘေးရှောင် ပြည်သူတစ်ဦးက ပြောဆိုသည်။


