တန့်ဆည်မြို့သိမ်းတိုက်ပွဲ မဆင်နွှဲနိုင်သေးဘဲ စခန်းသိမ်းတိုက်ပွဲအဖြစ်သာ မြို့ပေါ်တွင် တိုက်ခိုက်မှုများ လုပ်ဆောင်နိုင်ခဲ့
ရန်ကုန်၊ နိုဝင်ဘာ ၂၂
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စခန်းသိမ်း တိုက်ပွဲဆင်နွှဲခြင်းသာ ဖြစ်ပြီး မြို့ကို အပြီးသတ် မသိမ်းပိုက်နိုင်သေးကြောင်း၊ စစ်ကောင်စီတပ်သားအားလုံး မြို့မရဲစခန်းတွင် ခံစစ်ပြင်နေပြီး ကျန်မြို့ပေါ်စခန်းများကို PDFပူးပေါင်းတပ်က စီးနင်းသိမ်းပိုက်ခဲ့ပြီးဖြစ်ကြောင်း တန့်ဆည် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၂၂ရက်နေ့ နံနက် ၀၀ နာရီ ၃၀ မိနစ်မှ နံနက် ၃နာရီခန့်အထိ တန့်ဆည်မြို့ ပြည်သူ့ဆေးရုံကြီး၊ အထွေထွေအုပ်ချုပ်ရေးမှူးအုပ်ရုံး၊ အထက(၁)နှင့် ဝန်ထမ်းအိမ်ရာဝင်း စသည့် စစ်တပ်အခြေချ အထိုင်စခန်း ၄ ခုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်ကျဆုံးမှု များစွာဖြင့် စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့ကြောင်း၊ ပြည်သူ့ဆေးရုံကြီးထဲမှ ဆေးနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
“လိုင်းပေါ်မှာ သတင်းပြန့်နေသလို မြို့သိမ်းတာ မဟုတ်သေးပါဘူး။ အကျဉ်းသားတွေ လွှတ်ပေးနိုင်တာလည်း မရှိသေးဘူး။ မြို့ပေါ်က စကစတွေအကုန် ရဲစခန်းထဲမှာ စုပြီး ခံစစ်ပြင်နေတယ်။ ရေဦးနဲ့ ကန့်ဘလူနယ်ဘက်ကလည်း စစ်ကူတွေ လာနေတာဆိုတော့ စစ်ရေးအခြေအနေ တင်းမာနေတုန်းပဲ” ဟု တန့်ဆည် ပြည်သူ့ကာကွယ်ရေးတပ်မတော် တာဝန်ရှိသူက ပြောသည်။
၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၂၂ရက်နေ့က တန့်ဆည်မြို့နယ် တရားရုံး၊ ပညာရေးမှူးရုံး၊ လူဝင်မှုကြီးကြပ်ရေးဌာန နှင့် ရွှေဒေါင်းမင်းစက်သုံးဆီဆိုင်တို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ပြီး ၂လအကြာဖြစ်သည့် ယနေ့ နိုဝင်ဘာလ ၂၂ရက်နေ့တွင် စစ်တပ်တပ်စွဲထားသော နေရာ ၄ခုကို ထပ်မံ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် တန့်ဆည်မြို့သို့ ရေဦးမြို့နယ်မှ စစ်ကား၄စီး၊ ကန့်ဘလူမြို့နယ်မှ စစ်သားနှင့် ပျူစောထီး အင်အားအမြောက်အများဖြင့် စစ်ကူလာရောက်နေပြီး တန့်ဆည်မြို့ခံများအပါအဝင် နီးစပ်ရာရွာများမှ ပြည်သူ တစ်သောင်းကျော် စစ်ဘေးရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။
