ရန်ကုန်၊ သန်လျင် ရေတပ်သင်္ဘောကျင်းဌာနချုပ်မှ တပ်ကြပ်ကြီး ၁ ဦး အလင်းဝင်၊ တမူးတွင် စစ်ကောင်စီ တပ်သား ၂ ဦး လက်နက်ချ အလင်းဝင်
ရန်ကုန်၊ နိုဝင်ဘာ ၂၂
ရန်ကုန်၊ သန်လျင် အခြေစိုက် ရေတပ်သင်္ဘောကျင်းဌာနချုပ်မှ တပ်ကြပ်ကြီး ၁ ဦး အလင်းဝင်လာကြောင်း မြိတ်ခရိုင်၊ အမှတ် ၁ တပ်ရင်းက ထုတ်ပြန်ထားသည်။
နိုဝင်ဘာလ ၂၀ ရက်နေ့တွင် သန်လျင်မြို့ အခြေစိုက် လွန်းကျင်းဌာန၊ ရေတပ်သင်္ဘောကျင်း ဌာနချုပ် (သီလဝါ) မှ တပ်ကြပ်ကြီး တစ်ဦး ပြည်သူ့ကာကွယ်ရေး တပ်မတော် (ပုလော)၊ မြိတ်ခရိုင်၊ အမှတ် ၁ တပ်ရင်းထံ အလင်းဝင်လာကြောင်း သိရသည်။
အလင်းဝင်လာသော တပ်ကြပ်ကြီးကို ပုလောမြို့နယ် အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် မြိတ်ခရိုင်၊ အမှတ် ၁ တပ်ရင်း၏ အရာရှိ၊ စစ်သည်များက နွေးထွေးစွာကြိုဆိုခဲ့ကြောင်း၊ လက်ရှိအချိန်တွင် ၎င်းကို လုံခြုံသည့်နေရာတွင် ကောင်းမွန်စွာ ထားရှိပြီး အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ၏ နိုင်ငံ့ဝန်ထမ်း CDM မူဝါဒနှင့်အညီ ဆက်လက် လုပ်ဆောင်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်၏ ကြည်း၊ ရေ၊ လေ တပ်ဖွဲ့များမှ စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် အကြမ်းဖက် စစ်တပ်ကို ကျောခိုင်း၍ ပြည်သူကို မျက်နှာမူရန် ထပ်မံတိုက်တွန်းကြောင်း၊ နီးစပ်ရာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကို ဆက်သွယ်၍ ပြည်သူ့ရင်ခွင်ကို အမြန်ဆုံး ခိုလှုံကြရန် မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းက ထုတ်ပြန်ထားသည်။
အလားတူ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်တွင် စစ်ကောင်စီ တပ်သား ၂ ဦး လက်နက်ချ အလင်းဝင်ရောက်ခဲ့ကြောင်း တမူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း – ၄ ထံမှ သိရသည်။
တမူးမြို့နယ်တွင် ပန်းသာပြည်တော်ဝင်စစ်ဆင်ရေးအဖြစ် NLA တပ်တော်၊ Fighter police၊ ပြည်သူ့ ကာကွယ်ရေးတပ်မတော် တပ်ရင်း ၄ တို့ ပူးတွဲစစ်ဆင်ရေးလုပ်နေစဥ် တပ်သား ၂ ဦး လက်နက်ချ အလင်းဝင်လာကြောင်း သိရှိရသည်။
အဆိုပါ တပ်သား ၂ ဦးသည် MA 2 သေနတ် ၁ လက်၊ MA 4 သေနတ် ၁ လက်၊ ဗုံးသီးနှင့် ကျည်ဆံများ ယူဆောင်လာပြီး ထန်တပင်ကျေးရွာရှိ တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း – ၄ ထံသို့ လက်နက်ချအလင်းဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။