ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ်မှု ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၄ ဦး ဒဏ်ရာရပြီး နေအိမ် ၂ လုံး ပြာကျ
ရန်ကုန်၊ နိုဝင်ဘာ ၂၃
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၄ ဦး ဒဏ်ရာရပြီး နေအိမ် ၂ လုံးပြာကျခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
နိုဝင်ဘာလ ၂၀ ရက်နေ့မှ ၂၁ ရက်နေ့အထိ အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ၊ Mi-35 ရဟတ်ယာဥ်များဖြင့် ဝက်တူး အနောက်ကျေးရွာ၊ သင်္ကန်းပင်ကျေးရွာ၊ ဇလုပ်ကြီးကျေးရွာ၊ ရှားပင်ချောင်းကျေးရွာ၊ မငြိမ်းစုကျေးရွာ၊ ငါးဆီလှော်ကျေးရွာ၊ တဲစုကျေးရွာ၊ သဲကုန်းကျေးရွာ၊ ငနွားဆိတ်ကျေးရွာ စသည့် ကျေးရွာများအတွင်းကို လေယာဥ်ပါ စက်သေနတ်ဖြင့် ၆ ကြိမ် ပစ်ခတ်ပြီး ၆ ကြိမ် ဗုံးကျဲ ပစ်ခတ်ခဲ့ကြောင်း သိရသည်။
တိုက်ခိုက်မှုများအတွင်း ငနွားဆိပ်ကျေးရွာမှ အသက် ၃ နှစ်ခွဲအရွယ် မအေးစန္ဒာဖြိုး၊ အသက် ၅ နှစ်အရွယ် မောင်အောင်လင်းထက်၊ အသက် ၂၈ နှစ်အရွယ် မစိန်ဗယက်၊ အသက် ၆၂ နှစ်အရွယ် ဦးလှမြင့် တို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အလားတူ လယ်ဒိုမြို့နယ် အတွင်း နိုင်ဝင်ဘာလ ၁၆ ရက်နေ့နှင့် ၂၀ ရက်နေ့ တို့တွင် အကြမ်းဖက် စစ်တပ်က သဲကုန်းကျေးရွာကို တိုက်ခိုက်ရေးသုံး ရဟတ်ယာဉ်ဖြင့် ၆ ကြိမ်ခန့် ပစ်ခတ်ခဲ့ပြီး ဂျက်တိုက်လေယာဉ်ဖြင့် သမင်အင်းကုန်းကျေးရွာအတွင်းသို့ ဗုံး ၂ လုံး ခန့်ကျဲချခဲ့ကာ စက်သေနတ်ဖြင့် ၂ ကြိမ်ပစ်ခတ်ခဲ့သောကြောင့် သမင်အင်းကုန်းကျေးရွာမှ နေအိမ် ၂ လုံး မီးလောင် ပြာကျ ပျက်စီးခဲ့ကြောင်း သိရသည်။


