လားရှိုးရှိ စစ်တပ်၏ မိုင်းကျက်စခန်းကို TNLA က သိမ်းပိုက်၊ စစ်တပ်၏ ပစ်ခတ်မှုကြောင့် နမ့်ခမ်း၊ လားရှိုးနှင့် မူဆယ်တို့တွင် ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်များ ပျက်စီး
ရန်ကုန်၊ နိုဝင်ဘာ ၂၄
ရှမ်းပြည်နယ်၊ မြောက်ပိုင်း လားရှိုးမြို့နယ်ရှိ စစ်ကောင်စီတပ်၏ မိုင်းကျက်စစ်စခန်းကို TNLA က သိမ်းပိုက်လိုက်ပြီ ဖြစ်ကြောင်း တအာင်းတပ်မတော်က တရားဝင် သတင်းထုတ်ပြန်သည်။
အောက်တိုဘာလ ၂၇ ရက်နေ့မှစတင်၍ လားရှိးမြိုနယ်၊ စစ်ကောင်စီ၏ မိုင်းကျက် တပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA က စတင်တိုက်ခိုက်ခဲ့ပြီး နို၀င်ဘာ ၂၄ ရက်နေ့ နံနက် ၀၀ နာရိ ၀၅ မိနစ်အချိန်တွင် သိမ်းပိုက်နိုင်ကြောင်း သိရှိရသည်။
ထို့နောက် စစ်ကောင်စီတပ်က ပြည်သူများနေထိုင်ရာ နေရာများသို့ ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ရာ လားရှိုးနှင့် မူဆယ်တို့တွင် ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်များ ပျက်စီးသွားကြောင်း သိရှိရသည်။
နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေ ၆ နာရီ ၅၅ မိနစ်အချိန် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် လားရှိုးမြို့နယ် မန်ဖတ်ကျေးရွာတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး မန်ဖတ်ဒေသခံ ပြည်သူ အမျိုးသား ၁ ဦး သေဆုံးကြောင်း၊ ၂ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။
အလားတူ နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက် ၀၀ နာရီ ၄၀ မိနစ်အချိန် မူဆယ်မြို့နယ် စယ်လန့်ကျေးရွာတွင် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးတစ်လုံး လာရောက်ကျဲချတိုက်ခိုက်ခဲ့ရာ စယ်လန့်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး လူနေအိမ် တစ်လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ယမန်နေ့ညပိုင်း နမ့်ခမ်းမြို့နယ် သာယာကုန်းရပ်ကွက်တွင်လည်း စစ်ကောင်စီတပ်က လက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်တလုံး မီးလောင်ပျက်စီး ခဲ့ရကြောင်း သိရှိရသည်။
၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့မှ ယနေ့ နိုဝင်ဘာလ ၂၄ ရက်နေ့အထိ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးနှင့် မီးလောင်ဗုံးအသုံးပြု ပစ်ခတ်မှုကြောင့် နေအိမ် ၂၀၀ နီးပါ ထိခိုက်ပျက်စီးပြီး မီးလောင်ပျက်စီးခဲ့ရကြောင်း သိရှိရသည်။

