လွိုင်ကော်တက္ကသိုလ်မှ ကယ်ထုတ်ထားသော Non CDM ၇၀ ဦးနှင့် မိသားစုဝင် ၃၇ ဦးကို နေရပ်ပြန်ပို့
ရန်ကုန်၊ နိုဝင်ဘာ ၂၄
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ရှိ လွိုင်ကော်တက္ကသိုလ်အတွင်းမှ ကယ်ထုတ်ထားသော Non CDM ၇၀ ဦးနှင့် မိသားစုဝင် ၃၇ ဦးကို နေရပ်ပြန်ပို့လိုက်ပြီဖြစ်ကြောင်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေး ကောင်စီက ထုတ်ပြန်ထားသည်။
လွိုင်ကော်တက္ကသိုလ်အတွင်းမှ ကယ်ထုတ်ထားသော Non CDM ဝန်ထမ်း နှင့် မိသားစုဝင် ၂၀၄ ဦးတို့ အား “Non-CDM ဆိုင်ရာ အထူး စုံစမ်းစစ်ဆေးရေးအဖွဲ့”မှ လိုအပ်သည့် စစ် ဆေး မေးမြန်းမှုများ ပြု လုပ်ခဲ့ပြီးဖြစ်သဖြင့် စစ်ကောင်စီနှင့် တစ်စုံတစ်ရာ ပတ်သက်ဆက်နွယ်ခြင်း မရှိသူများကို Non-CDM ဖြစ်ခဲ့ခြင်းအတွက် ဝန်ချတောင်းပန်ခြင်းနှင့် အာဏာသိမ်းစစ်ကောင်စီ၏ ယန္တရား မှန်သမျှတွင် ပါဝင် ဆောင်ရွက်ခြင်းပြုလုပ်မည်မဟုတ်ကြောင်း ခံဝန်ကတိကို လက်မှတ်ရေးထိုး စေခဲ့ကြောင်း သိရသည်။
ယင်းခံဝန်ကတိလက်မှတ်ရေးထိုးပြီးသော ဝန်ထမ်း ၇၀ ဦးနှင့် မိသားစုဝင် ၃၇ ဦးကို နိုဝင်ဘာလ ၂၃ ရက် နေ့တွင် နေရပ်ပြန်နိုင်ရန် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီနှင့် သက်ဆိုင်ရာ မိတ်ဖက် အဖွဲ့အစည်း များမှ စီစဉ်ပေးခဲ့ကြောင်း သိရသည်။
ကျန်ရှိနေသော ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များကို လိုအပ်သည့် စုံစမ်းစစ်ဆေးမေးမြန်း မှုများ ပြုလုပ်ပြီးပါက နေရပ်ပြန်နိုင်ရန် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကရင်နီပြည်ကြား ကာလ အုပ်ချုပ်ရေးကောင်စီက အသိပေးထားသည်။
၁၁၁၁ စစ်ဆင်ရေးစတင်ချိန်တွင် လွိုင်ကော်တက္ကသိုလ်အတွင်း၌ ပိတ်မိနေခဲ့သည့် လွိုင်ကော်တက္ကသိုလ် နှင့် စက်မှုလက်မှုသိပ္ပံကျောင်းမှ Non-CDM ဝန်ထမ်းများနှင့် မိသားစုဝင်စုစုပေါင်း ၂၀၄ ဦးကို ကရင်နီ တော်လှန်ရေးတပ်ပေါင်းစုများမှ ဘေးလွတ်ရာသို့ ကယ်ထုတ်ပေးခဲ့ပြီး ကရင်နီပြည်ကြားကာလ အုပ်ချုပ် ရေးကောင်စီမှ ၎င်းတို့၏ စားဝတ်နေရေးနှင့် ကျန်းမာရေးကိစ္စအဝဝကို တာဝန်ယူဆောင်ရွက် ပေးခဲ့ ကြောင်း သိရသည်။

