28 C
Yangon

ကိုးကန့်ဒေသရှိ စစ်စခန်းများကို ကိုးကန့် MNDAA က ဆက်တိုက် သိမ်းပိုက်နေပြီး တပ်စခန်း စုစုပေါင်း ၁၇၁ ခု သိမ်းပိုက်ထား၊ MNDAA ၏ စစ်ဆင်ရေးသည် လောက်ကိုင်မြို့ကို ဦးတည်နေပြီဖြစ်ကြောင်း အသိပေး

Must read

ကိုးကန့်ဒေသရှိ စစ်စခန်းများကို ကိုးကန့် MNDAA က ဆက်တိုက် သိမ်းပိုက်နေပြီး တပ်စခန်း စုစုပေါင်း ၁၇၁ ခု သိမ်းပိုက်ထား၊ MNDAA ၏ စစ်ဆင်ရေးသည် လောက်ကိုင်မြို့ကို ဦးတည်နေပြီဖြစ်ကြောင်း အသိပေး

ရန်ကုန်၊ နိုဝင်ဘာ ၂၄

ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသရှိ အကြမ်းဖက် စစ်တပ်၏ စစ်စခန်းများကို MNDAA က ဆက်တိုက် သိမ်းပိုက်နေပြီး တပ်စခန်း စုစုပေါင်း ၁၇၁ ခု သိမ်းပိုက်ထားကြောင်း MNDAA ၏ ပြန်ကြားရေး The kokang က ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် MNDAA က ကိုးကန့် တုန်းရှမ်းဒေသ၊ ပါကျောက်ရွှေနှင့် လွမ်းလောက်လင် တောင်ကုန်းရှိ အကြမ်းဖက် စစ်တပ်စခန်း ၂ ခုကို ထိုးစစ်တိုက်ခိုက်ကာ နံနက် ၈ နာရီ ၂၅ မိနစ်ခန့်တွင် အောင်မြင်စွာ သိမ်းယူ နိုင်ခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် MNDAA က ကိုးကန့်တုန်းရှမ်းဒေသ (လောက်ကိုင်တုန်းချိန်ပြင်ပတစ်ဝိုက်) ဆိုင်တာအိုင် တောင်ကုန်းရှိ အကြမ်းဖက် စစ်တပ်စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကာ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်ခန့်တွင် ခြေလျင် တပ်ဖွဲ့ဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ခြေလျင်နှင့် အမြောက်များ၏ ပူးတွဲတိုက်ခိုက်မှုဖြင့် မွန်းလွဲ ၃ နာရီ ၁၆ မိနစ်တွင် အောင်မြင်စွာ သိမ်းယူနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ စစ်စခန်းသည် အကြမ်းဖက် စစ်တပ်၏ လောက်ကိုင်ဒေသတွင် အခြေချသော နောက်ဆုံးတောင်ကုန်း (High Point)တစ်ခု ဖြစ်ပြီး လက်ရှိတွင် MNDAA ၏ စစ်ဆင်ရေးသည် လောက်ကိုင်‌မြို့ဘက်ကို ဦးတည်လာနေပြီဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

ထို့ပြင် ကိုးကန့်မြောက်ပိုင်း ဟုန်ရှင်းဒေသတွင်လည်း နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက် ၈ နာရီ ၆ မိနစ်ခန့်တွင် MNDAA က လောက်ပေါက်ကျိုင့် အနောက်တောင်ကုန်းမှ စစ်ကောင်စီ အခြေချနေထိုင်သော ပေထန်တပ်စခန်းကို ချီတက်လာကာ ဒရုန်းဖြင့် ဦးစွာ ပစ်ကူတိုက်ခိုက်ခဲ့ပြီး နံနက် ၉ နာရီ ၄၀ မိနစ်တွင် ခြေလျင်တပ်ဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့​သိရသည်။

ယင်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၂ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ အရေအတွက်ကို အတည်မပြုနိုင်ကြောင်း၊ ထို့ပြင် ၆၀ မမ စိန်ပြောင်း (၂)လက် ၊ (၈၄ မမ) နောက်ကန်အားမဲ့အမြောက်(၁)လက် ၊ စက်သေနက် အကြီး(၂)လက် ၊ ရိုင်ဖယ်(၃)လက် ၊ ပီစတို(၁)လက် ၊ မိုင်းထောက်စက်(၁)စက်နှင့် ၆၀မမကျည်များ ၊ ဟောင်ဝီဇာ အမြောက်ကျည် ၊ လက်ပစ်ဗုံးအမျိုးမျိုး နှင့် ကျည်ဆံများ စသည့်စစ်ပစ္စည်းများနှင့် ကွန်ဗျူတာ တစ်လုံး ၊ မြင်းနှင့် မြည်း(၁၅)ကောင် တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ နိုဝင်ဘာလ ၂၃ ရက်နေ့က ကိုးကန့် တုန်းရှမ်းဒေသရှိ ဟူတောင်စခန်းကို သိမ်းပိုက်စဉ်တွင် စစ်ကောင်စီ၏ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း၊ လက်ရှိချိန်တွင် MNDAA တပ်ဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့များက စစ်ကောင်စီ၏ တပ်စခန်းအကြီးအသေး အနည်းဆုံး စုစုပေါင်း ၁၇၁ ခု သိမ်းပိုက်ရရှိထားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article