ထိုင်းနိုင်ငံ မဲဆောက်တွင် တရားမဝင် မြန်မာရွှေ့ပြောင်း အလုပ်သမား ၉၀ နီးပါး ဖမ်းဆီးခံရ
ရန်ကုန်| နိုဝင်ဘာ ၂၅
ထိုင်း-မြန်မာ နယ်စပ်ရှိ မဲဆောက်မြို့သို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား တစ်ပတ်အတွင်း ၈၉ ဦးအား ထိုင်းအာဏာပိုင်အဖွဲ့က ဖမ်းဆီး အရေးယူခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၈၉ ဦး သည် ယခုလ နိုဝင်ဘာ ၁၇ ရက်နေ့ကနေ ၂၄ ရက်နေ့ အထိ လူပွဲစားဖြင့် ကရင်ပြည်နယ် မြ၀တီမြို့ကနေ တဆင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ထဲ ဝင်ရောက်လာြခင်း ဖြစ်သည်။
ယင်းသို့ ဝင်ရောက်လာစဉ် ထိုင်းနိုင်ငံ၏ စစ်ဆေးရေး ဂိတ်များတွင် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း မဲဆောက်မြို့ လူဝင်မှု ကြီးကြပ်ရေး ရုံးဌာန၏ လူမှုကွန်ရက်တွင် ဖော်ပြထားသော မှတ်တမ်းများ အရ သိရသည်။
မြန်မာ ရွှေ့ပြောင်း အလုပ်သမားများကို ထိုင်းအာဏာပိုင် အဖွဲ့စည်းများက ဖမ်းဆီးခဲ့ရာတွင် နိုဝင်ဘာလ ၁၇ ရက်နေ့က ၃၄ ဦး၊ နိုဝင်ဘာ ၂၁ ရက်က ၂၂ ဦးနှင့် နိုဝင်ဘာ ၂၂ ရက်က ၇ ဦးနှင့် ၂၄ ရက်နေ့တွင် ၂၆ ဦး စုစုပေါင်း ၈၉ ဦးကို ဖမ်းဆီးခံခဲ့ရသည်။
၎င်းတို့ မြန်မာရွှေ့ပြောင်း အလုပ်သမားများ သည် မဲဆောက်မြို့မှ တဆင့် ဘန်ကောက်မြို့သို့ အလုပ် သွားလုပ်ရန် ဝင်ရောက် လာသူများ ဖြစ်ကြပြီး မဲဆောက်ခရိုင် စစ်ဆေးရေးဂိတ်များတွင် ဖမ်းဆီးခံရပြီးနောက် အရေးယူခံရခြင်းဖြစ်ကြသည်။
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီး ၂ နှစ်ကျော် အတွင်း ထိုင်းနိုင်ငံ မဲဆောက်မြို့ကို စစ်ဘေးရှောင် ပြည်သူ အများပြား ဝင်ရောက်မှု များပြားကြောင်း အလုပ်သမားအရေး ကူညီပေးနေသူများထံမှ သိရသည်။
၂၀၂၃ ခုနှစ်၊ နှစ်ဦးပိုင်းကစ၍ ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ထိုင်းအာဏာပိုင်များက လုံခြုံရေး အထူး တင်းကြပ်ကာ စက်ရုံ၊ အလုပ်ရုံများကို ရှောင်တခင် ဝင်ရောက်စစ်ဆေးခြင်း၊ မြန်မာ ရွှေ့ပြောင်းလုပ်သားများ နေထိုင်ရာ တန်းလျားများကို သတင်းအရ ဝင်ရောက်စစ်ဆေးတာ မကြာခဏ ပြုလုပ်နေသည်။
ထို့ပြင် ဟိုတယ်၊ မိုတယ်များ အပါအဝင် ညပိုင်းတွင် ဖွင့်သည့် ဘား/ကလပ်နှင့် စားသောက်ဆိုင်များကို ဝင်ရောက် စစ်ဆေးခြင်း အမြဲရှိနေပြီး အထောက် အထားမဲ့ မြန်မာ ရွှေ့ပြောင်း လုပ်သားများ မကြခဏ ဖမ်းဆီးခြင်း ခံနေရကြောင်း အလုပ်သမားအရေး ကူညီပေးနေသူများက ပြောသည်။

