27 C
Yangon

နောင်ချိုနှင့် ကျောက်မဲအကြား ဂုတ်တွင်းတွင် တိုက်ပွဲ ပြင်းထန်နေ၊ သီပေါနှင့်ကျောက်မဲအကြားတွင်လည်း ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်နေ

Must read

နောင်ချိုနှင့် ကျောက်မဲအကြား ဂုတ်တွင်းတွင် တိုက်ပွဲ ပြင်းထန်နေ၊ သီပေါနှင့်ကျောက်မဲအကြားတွင်လည်း ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်နေ

ရန်ကုန်၊ နိုဝင်ဘာ ၂၆

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုနှင့် ကျောက်မဲအကြား ဂုတ်တွင်းတွင် ယနေ့ နံနက်ပိုင်း တိုက်ပွဲ ပြင်းထန်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“မနက် ၄ ခွဲ ကနေ ၆ နာရီလောက်ထိ ဂုတ်တွင်း စစ်ဖြစ်နေပါတယ်။ လက်နက်ကြီးတွေ တောက်လျှောက်ပစ်နေတယ်။ လက်နက်ငယ်တွေလည်းပစ်နေတယ်။ မနက် ၆ နာရီမှာ ပြန်ငြိမ်ပေမယ့်လည်း စစ်တပ် တပ်ရင်းရှိတဲ့နေရာတွေကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ နောင်ချိုမြို့နယ်ဘက်တွင်လည်း ထိတွေ့တိုက်ပွဲများ ဆက်တိုက်ဖြစ်နေကြောင်း၊ နောင်ချိုမြို့တွင်လည်း စျေးဆိုင်များ ပိတ်သိမ်းထားပြီး စျေးပင်မဖွင့်ကြောင်း ၊ သီပေါနှင့်ကျောက်မဲအကြားတွင်လည်း လက်နက်ကြီးပစ်ခတ်သံများ ဆက်တိုက်ကြားနေရကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

“နောင်ချိုတစ်မြို့လုံး ဈေးတောင် မဖွင့်ကြပါဘူး။ ဒီနေ့တော့ နောင်ချိုမြို့ အေရှားဝေါအောက်ဖက်မှာ လက်ရှိအချိန်အထိ ပစ်ခတ်မှုတွေ ဖြစ်နေတယ်” ဟု နောင်ချိုမြို့မှ ကျောင်းဆရာမတစ်ဦးက ပြောဆိုသည်။

အလားတူ သီပေါနှင့်ကျောက်မဲအကြားတွင် ပစ်ခတ်မှုဖြစ်နေသည့်အတွက် ခရီးသွားပြည်သူများအနေဖြင့် ယင်းလမ်းပိုင်းကို အသုံးမပြုကြရန်နှင့် ခရီးသွားနေသည်ဆိုပါက နီးစပ်ရာတွင် ခေတ္တ ခိုလှုံကြရန် သီပေါမှ ပရဟိတသမားတစ်ဦးက တိုက်တွန်းသည်။

“သီပေါနဲ့ကျောက်မဲအကြားမှာ ဆိုင်ကယ်လေးတွေနဲ့ သွားကြတာတွေ ရှိတော့ လက်ရှိမှာ တိုက်ပွဲဖြစ်နေလို့ ရောက်တဲ့နေရာကနေ ခဏလေးစောင့်ကြည့်ပါ။ တိုက်ပွဲက လက်နက်ကြီးတွေ အဓိက သုံးပြီး ပစ်ခတ်နေကြတာ။ လမ်းမှာ ထိရင် ဘယ်သူမှ မကယ်နိုင်ပါဘူး” ဟု သီပေါမြို့မှ ပရဟိတသမားတစ်ဦးက ရှင်းပြသည်။

ဓာတ်ပုံ- TNLA တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article