မုံရွာမြို့နယ်၊ ညောင်ဖြူပင် ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံး
ရန်ကုန်၊ နိုဝင်ဘာ ၂၆
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင် ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံးခဲ့ကြောင်း ဒီမိုကရက်တစ် ဒေသခံ တပ်ပေါင်းစု (DLC) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက် ၅ နာရီခန့်တွင် မုံရွာမြို့နယ်၊ ညောင်ဖြူပင် ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက အနီးကပ်ချဉ်းကပ်၍ ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တော်လှန်ရေး တပ်ဖွဲ့များက စခန်းသိမ်း ထိုးစစ်ဆင်ရန် ကြိုးပမ်းခဲ့ပြီး အနီးကပ်ဆုံးထိ ချဉ်းကပ် ပစ်ခတ်နိုင်ခဲ့သော်လည်း လက်နက်ကြီး ပစ်ကူအင်အား မပါရှိသောကြောင့် စခန်းသိမ်းနိုင်မည့် အခြေအနေကို ဆက်လက်ထိမ်းထားနိုင်ခြင်း မရှိဘဲ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။
ထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သားနှင့် ရဲ ၇ ဦး သေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူ များပြားကြောင်း၊ တော်လှန်ရေး ရဲဘော် ၁ ဦး လက်နက်ငယ် ကျည်ထိမှန်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ဒီမိုကရက်တစ်ဒေသခံတပ်ပေါင်းစု (DLC) ၊ မုံရွာခရိုင် တပ်ရင်း (၄) ၊ မုံရွာခရိုင် တပ်ရင်း(၁၇) နှင့် ယင်းမာပင်ခရိုင် တပ်ရင်း (၂၈) တို့မှ ပူးပေါင်း ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
