နောင်ချိုနှင့် နမ့်ခမ်းမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံး၊ ကျောက်မဲ၊ မူဆယ်နှင့် လားရှိုးမြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွား
ရန်ကုန်၊ နိုဝင်ဘာ ၂၆
ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်နှင့် ကျောက်မဲမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက် ၁၁ နာရီ ၅ မိနစ်ခန့်တွင် နောင်ချိုမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က ရွှေညောင်ပင်ရွာ ဘက်မှ သုံးဆယ်ကျေးရွာ အတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာနေ ပြည်သူ ၂ ဦး သေဆုံးကာ ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အလားတူ ယနေ့တွင် နမ့်ခမ်းမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ကျေးရွာ ပတ်ဝန်းကျင်ကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးအပါအဝင် လက်နက်ကြီး ၂၃ ကြိမ်နှင့် ဗုံးဖြင့် ၇ ကြိမ် ကျဲ ချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဗုံးကျဲတိုက်ခိုက်မှုကြောင့် မာန်အောင်၊ မန်နား၊ သာယာကုန်းနဲ့ စယ်လန့်ကျေးအုပ်စု၊ မန်ဆက် စသည့်ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး၊ မန်နားကျေးရှိ အသက် ၁၇ နှစ်အရွယ် အမျိုးသမီး ၁ ဦးပွဲချင်းပြီး သေဆုံးကာ အမျိုးသား ၂ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ မာန်အောင်ကျေးရွာရှိ အမျိုးသမီး ၁ ဦး၊ မန်ဆက်ကျေးရွာနေ ပြည်သူ ၃ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်းမှ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် မာန်အောင်ကျေးရွာရှိ တိုက်နယ်ဆေးရုံနှင့် နေအိမ် ၁ လုံး မန်နားကျေးရွာရှိ ဒေသခံနေအိမ် ၁ လုံးနှင့် စယ်လန့်အုပ်စု၊ မန်ဆက်ကျေးရွာ ဒေသခံနေအိမ် ၃ လုံး ထိမှန် ပျက်စီးခဲ့ကြောင်း သိရှိရသည်။
နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက် ၅ နာရီ ၄၀ မိနစ်တွင် ကျောက်မဲမြို့နယ်၊ နောင်ပြစ်ကျေးရွာလမ်းခွဲတွင် အကြမ်းဖက် စစ်တပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ မူဆယ်မြို့နယ်၊ ဆိုင်ခေါင်ကျေးရွာနှင့် ကောင်ရာကျေးရွာ အကြားတွင်လည်း မွန်းလွဲ ၁ နာရီ ၁၀ မိနစ်ခန့်၌ အကြမ်းဖက် စစ်တပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တို့ တိုက်ပွားဖြစ်ပွားခဲ့ကြောင်း၊ အလားတူ လားရှိုးမြို့နယ် သံလွင်ကျေးရွာနှင့် ဟိုတီးကျေးရွာ အကြားတွင်လည်း ယနေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် အကြမ်းဖက် စစ်တပ်နှင့် တအာင်းတပ်မတော် TNLA ၊ ကိုးကန့်တပ်မတော် MNDAA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။


