လောင်းလုံးတွင် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု ၆ ဦးသေဆုံး၊ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ် ၃ ခုတွင် တိုက်ပွဲများဖြစ်ပွားနေ
ရန်ကုန်၊ နိုဝင်ဘာ ၂၇
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၆ ဦးသေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် PDF တပ်ဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၂၆ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်၌ လောင်းလုံးမြို့ထဲရှိ လမ်းသွား လမ်းလာ ပြည်သူများကို မတရားဖမ်းဆီးပြီး ဆက်ကြေး ကောက်ခံလျက်ရှိသည့် အကြမ်းဖက် စစ်ကောင်စီတပ်သားများ လောင်းလုံးမြို့အတွင်း ကင်းပတ်ပြီးအပြန် လောင်းလုံးမြို့မ ရဲစခန်းတောင်ဖက် စောင်းကြိုးလမ်းတွင် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- LLPDF က ပဒေသာမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် ဗွီဂိုးကားကို ထိမှန်ပြီး ကားဘီး ၂ ဘီးစလုံးပေါက်ကာ ထိုးရပ်သွားခဲ့ကြောင်း၊ ကားပေါ်လိုက်ပါလာသည့် စစ်ကောင်စီတပ်သား ၆ ဦး နေရာတွင် သေဆုံး၍ ၄ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။
လောင်းလုံးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအားလုံး စစ်ကောင်စီ လက်အောက်မှ အမြန်ဆုံးစွန့်ခွာကြရန် နှင့် ပြည်သူများအနေဖြင့် စစ်ရေးသတိ အမြဲရှိရန် လောင်းလုံးမြို့နယ် PDF က ထုတ်ပြန်ထားသည်။
ထို့ပြင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မူဆယ်မြို့နယ်၊ ကျောက်မဲမြို့နယ်နှင့် လားရှိုးမြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ်နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း TNLA သတင်းနှင့် ပြန်ကြားရေး ဌာနက ထုတ်ပြန်ထားသည်။
နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၃ နာရီ ၃၀ မိနစ်တွင် မူဆယ်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ နမ့်ပေါတံတားတပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA က တိုက်ခိုက်လျက်ရှိကြောင်း၊ ကျောက်မဲမြို့နယ်၊ နားခေါ်/ကောင်းမူးလိန် ကျေးရွာအနီးတဝိုက်တွင် ယနေ့ နံနက် ၇ နာရီ ၂၀ မိနစ်တွင် အကြမ်းဖက် စစ်တပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။
အလားတူ လားရှိုးမြို့နယ်၊ မိုင်းလီကျေးရွာတွင် လာရောက်တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ယနေ့ နံနက် ၇ နာရီ ၅၀ မိနစ်တွင် တအာင်းတပ်မတော် PSLF/TNLA က တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
“ဒီနေ့ မွန်းလွဲ ၁၂ နာရီ နာရီလောက် ဖြစ်ပွားတဲ့ တိုက်ပွဲမှာ စစ်တပ်က အရေးနိမ့်နေလို့ ဂျက်ဖိုက်တာ ၂ စီးနဲ့ ကျောက်မဲမြို့ ပတ်လည်မြို့ပြင်ဘက် ၂ မိုင်ပတ်ချာလည်ကို ဗုံးကျဲ ချနေတယ်။ လက်နက်ကြီးတွေနဲ့လည်း အဆက်မပြတ် ပစ်နေတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
