မူဆယ်မြို့၊ ကျင်စန်းကျော့နယ်စပ်ဂိတ် အနီးရှိ လုံခန်းစစ်တပ်စခန်းသိမ်းတိုက်ပွဲတွင် ခလရ ၇၆ ခြေလျင် တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဇေယျာဝင်း(ခ) အရှည် ကြီး သေဆုံး၊ အလောင်းပြန်မရ
ရန်ကုန်၊ နိုဝင်ဘာ ၂၇
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ ကျင်စန်းကျော့ နယ်စပ်ဂိတ်အနီးရှိ လုံခန်းစစ်တပ်စခန်းသိမ်းတိုက်ပွဲတွင် ခလရ ၇၉ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဇေယျာဝင်း(ခ) အရှည်ကြီး သေဆုံးသွားကြောင်း မိတ္တီလာတပ်နယ်မှ စစ်တပ်သတင်းရင်းမြစ်က အတည်ပြုပြောဆိုသည်။
နိုဝင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၈ မိနစ်အချိန် MNDAAနှင့် ဒေသလုံခြုံရေးတပ်ဖွဲ့တို့ပူးတွဲပြီး ကျင်းစန်းကျော်နယ်စပ်ဂိတ်၏တောင်ဘက်ခြမ်း လုံခန်းစစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်စဉ် ခလရ ၇၉ တပ်ရင်းမှူး သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။
” ခလရ ၇၉ က မိတ္ထီလာတပ်။ ကျသွားတာက တပ်ရင်းမှူ ဒုတိယဗိုလ်မှူးကြီး အောင်ဇေယျာဝင်း(ခ) အရှည်ကြီး။ စစ်တက္ကသိုလ် DSA အပတ်စဥ် ၄၅ ပါ” ဟု မိတ္တီလာတပ်နယ်မှ စစ်တပ်သတင်းရင်းမြစ်က ပြောဆိုသည်။
တိုက်ပွဲတွင် သေဆုံးသူ ဒုတိယဗိုလ်မှူးကြီး အောင်ဇေယျာဝင်း(ခ) အရှည်ကြီးတွင် သားသမီး ၂ ဦးကျန်ရှိပြီး အလောင်းပြန်လည် မရရှိကြောင်း သိရှိရသည်။
ထို့ပြင် နိုဝင်ဘာလ ၆ ရက်နေ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးမြို့နယ်၊ ပန်လုံဗျူဟာကုန်းတိုက်ပွဲတွင် တပ်မ ၉၉ တပ်မမှူး ဗိုလ်မှူးချုပ်/ ဗိုလ်မှူးကြီး အောင်ကျော်လွင် ဒရုန်းဗုံးထိမှန် သေဆုံးခဲ့ကြောင်း၊ စစ်တက္ကသိုလ်အပတ်စဉ် ၄၁ ကျောင်းဆင်း ဗိုလ်မှူးချုပ်/ဗိုလ်မှူးကြီးအောင်ကျော်လွင်သည် မုံးကိုး အခြေပြု ပန်လုံ ဗျူဟာစခန်းတွင် ဒရုန်းဗုံးထိမှန်သေဆုံးခဲ့ ကြောင်း၊ ဗိုလ်မှူးကြီးအောင်ကျော်လွင်သည် အမှတ်(၈)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (အတိုကောက် စကခ(၈) ) သည် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် နယ်မြေဖြစ်သော တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင်တည်ရှိသည့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် မှ ရာထူးတိုးဖြင့် တပ်မ ၉၉ တပ်မမှူးအဖြစ် ယခုနှစ် ဩဂုတ်လတွင် ပြောင်းရွှေ့ခဲ့ပြီးနောက် သေဆုံးခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ- တိုက်ပွဲတွင် သေဆုံးသူ ခလရ ၇၉ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အောင်ဇေယျာဝင်း(ခ)အရှည်ကြီး။
