ကျိုက်မရော၊ ချောင်းနှစ်ခွစစ်စခန်း တိုက်ပွဲတွင် ခမရ ၅၅၇ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး မျိုးကိုကိုဝင်း သေဆုံးပြန်၊ စစ်ကောင်စီက သေဆုံးသူ မျိုးကိုကိုဝင်းကို ဗိုလ်မှူးကြီး ရာထူးတိုးမြှင့်ပေးပြီး သီဟသူရဘွဲ့ ပေးအပ်
ရန်ကုန်၊ နိုဝင်ဘာ ၂၈
မွန်ပြည်နယ်၊ ကျိုက်မရော၊ ချောင်းနှစ်ခွစစ်စခန်းကို KNLA ဦးဆောင်သော တော်လှန်ရေးမဟာမိတ်တပ်များက ရက်ပေါင်းများစွာ တိုက်ခိုက်လျက်ရှိရာတွင် စခန်း မကျစေရေး ခုခံနေသော ခမရ ၅၅၇ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး မျိုးကိုကိုဝင်း သေဆုံးသွားကြောင်း စစ်တပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။
တနင်္သာရီတိုင်း အခြေစိုက် ခမရ ၅၅၇ မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး မျိုးကိုကိုဝင်း ဦးဆောင်သော တပ်ဖွဲ့ကို စစ်တပ်က ရဟတ် ယာဉ်ဖြင့် ယခုလလယ်ပိုင်းတွင် ချောင်းနှစ်ခွစခန်းသို့ ပို့ဆောင်ပြီး စခန်း မကျစေရေး ကွပ်ကဲ တိုက်ခိုက်စေခဲ့ကြောင်း၊ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မျိုးကိုကိုဝင်းသည် ချောင်းနှစ်ခွစခန်းတွင် အထိုင်ချ၍ ကွပ်ကဲ ကြီးကြပ်ခဲ့ကြောင်း၊ ယခင်နေ့များတွင် ဒရုန်းဖြင့် ဗုံးကျဲခံရသဖြင့် ပုခုံးနှင့်လက်မောင်းတွင် ဗုံးစများ ထိမှန်ခဲ့ကြောင်း သိရှိရသည်။
ယင်းနောက် ဒဏ်ရာရှိနေသည့်ကြားမှ ဆက်လက်တိုက်ပွဲကို ကြီးကြပ်ကွပ်ကဲခဲ့ရာ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် စနိုက်ပါ ပေါင်တွင် ထိမှန်ပြီး သွေးထွက်လွန်သဖြင့် နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန်တွင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီက ဒဏ်ရာရရှိသည့်ကြားမှ ချောင်းနှစ်ခွ စခန်း မကျစေရန် ဦးဆောင် တိုက်ပွဲဝင်သော ဒုတိယဗိုလ်မှူးကြီး မျိုးကိုကိုဝင်းကို ဗိုလ်မှူးကြီး ရာထူးသို့ တိုးမြှင့်၍ သီဟသူရဘွဲ့ ချီးမြှင့်ကြောင်း စစ်တပ်သတင်းရင်းမြစ်က ဆိုသည်။
သေဆုံးသွား ဒုတိယဗိုလ်မှူးကြီး မျိုးကိုကိုဝင်းသည် ၂၀၂၂ ခုနှစ် ၊ စက်တင်ဘာလတွင် ခမရ ၄၃၂ ၏ တပ်ရင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ထိုအချိန်ကလည်း KNU တပ်မဟာ ၆ နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ် ရှေ့တန်း စစ်မြေပြင်တွင် ဒရုန်းဗုံးထိမှန်ခဲ့၍ ဆေးကုသမှု ခံယူခဲ့ရကြောင်း ၊ ယင်းနောက် ဘုတ်ပြင်းမြို့နယ် ခမရ ၄၃၂ တပ်ရင်းမှူး အဖြစ်မှ ခမရ ၅၅၇ တပ်ရင်းမှူးအဖြစ် ပြောင်းရွှေ့ခဲ့ပြီးနောက် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၂၄ ရက်နေ့ ခမရ ၄၁၆ တပ်ရင်း မှူး ဒုတိယ ဗိုလ်မှူးကြီးအောင်ပြည့်ဟိန်း( စစ်တက္ကသိုလ်အပတ်စဉ် ၄၅ ကျောင်းဆင်း ) ကွတ်ခိုင်တိုက်ပွဲတွင် သေဆုံးခဲ့ပြီးနောက် မသာချအခမ်းအနားဖြင့် သဂြိုလ် သည့် မြင်ကွင်း ။ (ပုံအဟောင်း ကို အသုံးပြု ထားပါသ
