28.8 C
Yangon

ဂန့်ဂေါမြို့နယ်၊ ကန်ကျေးရွာ နယ်မြေ ရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာထွက်ပြေး

Must read

ဂန့်ဂေါမြို့နယ်၊ ကန်ကျေးရွာ နယ်မြေ ရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာထွက်ပြေး

ရန်ကုန်၊ နိုဝင်ဘာ ၂၈

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကန်ရွာရဲစခန်းမှ စစ်ကောင်စီအဖွဲ့ဝင်တွေက မနေ့ နိုဝင်ဘာ ၂၇ ရက်နေ့ မနက်ပိုင်းမှာ စခန်းကိုစွန့်ခွာထွက်ပြေး သွားကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဂန့်ဂေါက လာတဲ့စစ်ကြောင်းက စခန်းအထိလာပြီး စခန်းက တပ်ဖွဲ့ဝင်တွေကို ခေါ်သွားကြတာ။ ကန်က ကံကောင်းတော့မှာ” လို့ ကန်ရွာဒေသခံ အမျိုးသားတစ်ဦးကပြောပါတယ်။

ကန်ရွာရဲစခန်းက အင်အားသုံးဆယ်ဝန်းကျင်ရှိ စစ်ကောင်စီအဖွဲ့ဝင်တွေကို ဂန့်ဂေါမြို့အခြေစိုက် ခ.လ.ရ (၅၀) က စစ်ကြောင်းနှင့်လာရောက် ခေါ်ဆောင် သွားကြတာဖြစ်ပါတယ်။ အဆိုပါစစ်ကြောင်းဟာ နိုဝင်ဘာ ၂၆ ရက်နေ့ ကန်ရွာရဲစခန်းကိုအလာမှာ စစ်ဘေးရှောင်နှစ်ဆယ်ဝန်းကျင်နှင့် သံဃာတော်တချို့ကို ဓားစာခံအဖြစ် ခေါ်ဆောင်ခဲ့ ကြတယ်လို့သိရပါတယ်။

ကန်ရွာရဲစခန်းကို ဒေသခံတော်လှန်ရေး တပ်ဖွဲ့တွေက ဒီနှစ်မတ်လ ၃၁ ရက်နေ့မှာ စခန်းသိမ်းတိုက်ပွဲဆင်နွဲခဲ့ကြရာမှာ ကန်ရွာရဲစခန်းက စစ်ကောင်စီအဖွဲ့ဝင် လေးဆယ်ကျော်သေဆုံးပြီး စခန်းရဲ့ ခုနစ်ဆယ်ရာခိုင်နှုန်းလောက်ကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့ပါတယ်။ အဆိုပါ စခန်းသိမ်းတိုက်ပွဲတုန်းက စစ်ကောင်စီဟာ လေကြောင်းကနေ ဂျက်ဖိုက်တာတွေနဲ့ အပြင်းအထန် တုန့်ပြန်တိုက်ခိုက်ခဲ့ကြ ပြီး ရဟတ်ယာဥ်တွေနဲ့ပါ စစ်ကူတွေချပေးခဲ့ပါတယ်။

စစ်ကောင်စီက ရဟတ်ယာဥ်နဲ့စစ်ကူချပေးတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေဟာ ကန်ရွာတောင်ပိုင်းက ရဲစခန်းဝန်းကျင် နေအိမ်တွေပေါ် ဝင်ရောက်တပ်စွဲနေထိုင်နေကြတာဖြစ်ပါတယ်။

ကန်ရဲစခန်းက စစ်ကောင်စီအဖွဲ့ဝင်တွေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ က တောက်လျောက်ဖိအားပေး တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ကြပါတယ်။ ကန်စခန်းက စစ်ကောင်စီအဖွဲ့ဝင်တွေ ဟာ ရွာထဲကို လက်နက်ကြီးတွေနဲ့ မကြာမကြာပစ်ခတ်တာကြောင့် ရွာကဒေသခံတွေဟာ တိမ်းရှောင်နေခဲ့ကြရတာပါ။

စစ်ကောင်စီစရဲစခန်းမရှိတော့တဲ့အတွက် ကန်ရွာဒေသခံတွေဟာ ရွာထဲကို ပြန်လည်နေထိုင်နိုင်ကြတော့မှာဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးကဆိုပါတယ်။

” ကိုယ့်အိမ်ကိုယ်ပြန်ချင်တာ ပြန်ရတော့မယ်။ ရှောင်နေရတာ လေးလကျော်ပြီ” လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးကပြောပါတယ်။

ကန်ရွာရဲစခန်းကို စွန့်ခွာသွားကြတာဟာ ဂန့်ဂေါမြို့နယ်တွင်း စစ်ကောင်စီရဲ့ ဒုတိယမြောက် စခန်းစွန့်ခွာမှုဖြစ်ပါတယ်။

နိုဝင်ဘာ ၃ ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့တွေဟာ ဂန့်ဂေါမြို့နယ်တောင်ပိုင်းက မင်းရွာရဲစခန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့ကြပါတယ်။ အဆိုပါ နိုဝင်ဘာ ၃ ရက်နေ့ ညနေပိုင်းမှာပဲ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ တောင်ခင်ရန်းရဲစခန်းက စစ်ကောင်စီအဖွဲ့ဝင်တွေ ဟာ စခန်းကိုစွန့်ခဲ့ကြပါတယ်။ ဒီကနေ့မှာတော့ ဂန့်ဂေါမြို့နဲ့ မိုင်နှစ်ဆယ်ကျော်အကွာက ကန်ရဲစခန်းကိုစွန့်ခွာခဲ့ကြပါတယ်။

ဂန့်ဂေါမြို့နယ်တွင်းမှာ မင်းရွာရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေကသိမ်းပိုက်ပြီး တောင်ခင်ရန်းရဲစခန်းနှင့် ကန်ရွာရဲစခန်း နှစ်ခုကို စွန့်ခွာခဲ့တာကြောင့် ဂန့်ဂေါမြို့နယ်ထဲမှာ မြို့နယ်မြောက်ပိုင်းအစွန်က ဟံသာဝတီရဲစခန်းတစ်ခုသာ မြို့နယ်တွင်းမှာ ရှိတော့တာဖြစ်ပါတယ်။

ဓာတ်ပုံ- ယခုနှစ် မတ်လ ၃၁ ရက်နေ့ ကန်ရွာနယ်မြေရဲစခန်း မီးလောင်နေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article