ကျောက်မဲမြို့နယ်တွင် တိုက်ပွဲများ ဆက်တိုက်ပြင်းထန်နေပြီး မြို့အဝင်ဂိတ်တွင် ကုန်ကားတချို့နှင့်တိုးဂိတ်အဆောက်အအုံမီးလောင်
ရန်ကုန်၊ နိုဝင်ဘာ ၂၈
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ဆက်တိုက်ပြင်းထန်နေပြီး မြို့အဝင်ဂိတ်တွင် ကုန်ကားတချို့နှင့်တိုးဂိတ်အဆောက်အအုံများ မီးလောင်ပျက်စီးမှုရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၇ နာရီ ၂၀ မိနစ်အချိန် ကျောက်မဲမြို့နယ်၊ နားခေါ်/ကောင်းမူးလိန် ကျေးရွာအနီးတဝိုက်တွင် အကြမ်းဖက် စစ်တပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယမန်နေ့ တစ် နေကုန် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ယမန်နေ့ညပိုင်းတွင်လည်း လက်နက်ကြီးပစ်ခတ်သံများကြားရကြောင်း၊ ယနေ့ နံနက်ပိုင်းတွင်လည်း ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး ကျောက်မဲမြို့အဝင်တွင် ဂိတ်တွင် ကုန်ကားများမီးလောင်သည့်အပြင် တိုးဂိတ်အဆောက်အအုံပါ မီးလောင်သွားကြောင်း သိရှိရသည်။
” မနေ့ကလည်း တစ်နေကုန် စစ်တပ်က အရေးနိမ့်နေလို့ ဂျက်ဖိုက်တာ ၂ စီးနဲ့ ကျောက်မဲမြို့ ပတ်ပတ်လည် မြို့ပြင်ဘက် ၂ မိုင်ပတ်ချာလည်ကို ဗုံးကျဲ ချနေတယ်။ လက်နက်ကြီးတွေနဲ့လည်း အဆက်မပြတ် ပစ်နေတယ်။ ဒီနေ့မနက်လည်း ပစ်နေခတ်နေတုန်းပဲ။ ကျောက်မဲမှာ အပျက်အစီးများတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
လက်ရှိတွင် ကျောက်မဲမြို့ပတ်ပတ်လည်တွင် TNLA အပါအဝင် တော်လှန်ရေး မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့က စိုးမိုးထားကြောင်း၊ တိုက်ပွဲများ ဆက်လက်ပြင်းထန်နိုင်ကြောင်း၊ မြို့ပေါ်နှင့်ကျေးရွာများမှ ပြည်သူများ စစ်ဘေးရှောင်နေရကြောင်း သိရှိရသည်။

