25 C
Yangon

တက်ကြွလှုပ်ရှားသူတွေရဲ့ဖိအားကြောင့် ခရိုနီပိုင် ရှမ်းယူနိုက်တက် ဘောလုံးအသင်း ဩစတေးလျ ပြည်ဝင်ခွင့်ဗီဇာ ငြင်းပယ်ခံရ

Must read

တက်ကြွလှုပ်ရှားသူတွေရဲ့ဖိအားကြောင့် ခရိုနီပိုင် ရှမ်းယူနိုက်တက် ဘောလုံးအသင်း ဩစတေးလျ ပြည်ဝင်ခွင့်ဗီဇာ ငြင်းပယ်ခံရ

ရန်ကုန်၊ နိုဝင်ဘာ ၂၈။

ဆစ်ဒနေမြို့မှာ ကျင်းပမယ့် အာရှဘောလုံးအဖွဲ့ချုပ် (AFC) ဖလားပွဲစဥ်ကို ဆစ်ဒနီ Macarthur Bulls နဲ့ သွားရောက်ယှဉ်ပြိုင်ဖို့ရှိတဲ့ ရှမ်းယူနိုက်တက် ဘောလုံးအသင်းကို ဩစတေးလျအစိုးရက ပြည်ဝင်ခွင့် တားမြစ်ခဲ့ပါတယ်။

အဆိုပါပြိုင်ပွဲကို နိုဝင်ဘာ ၃၀ ရက်နေ့ ဆစ်ဒနီမှာ ကျင်းပဖို့ စီစဉ်ထားပေမဲ့ သြစတြေးလျဘက်က ပြည်ဝင်ခွင့် ငြင်းပယ်ခဲ့တဲ့အတွက် ကြားနေရာဖြစ်တဲ့ ဘန်ကောက်မြို့်မှာ ပြောင်းလဲကျင်းပမယ်လို့ သိရပါတယ်။

ယခုပွဲစဉ်ဟာ Macarthur FC အနေနဲ့ သုဝဏ္ဏကွင်းမှာ ပရိတ်သတ်မဲ့ ယှဥ်ပြိုင်ကစားခဲ့တဲ့ စက်တင်ဘာလပွဲစဉ်အပြီး ဩစတေးလျမှာ ဆက်လက်ယှဥ်ပြိုင်ရတဲ့ ပွဲစဉ်တစ်ခုလည်း ဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ နီးကပ်တဲ့ ဆက်ဆံရေးတွေရှိတဲ့ ရှမ်းယူနိုက်တက်ပိုင်ရှင် ခရိုနီသဌေးနဲ့ စပွန်ဆာတွေအပေါ် တက်ကြွလှုပ်ရှားသူတွေက ထောက်ပြဝေဖန် ဖိအားပေးခဲ့ကြပြီး၊ Justice For Myanmar အဖွဲ့နဲ့ Myanmar Campaign Network တို့ကလည်း ဩစတေးလျအစိုးရကို ဗီဇာငြင်းပယ်ပေးဖို့ တောင်းဆိုခဲ့တာကြောင့် ဩစတေးလျက အခုလို ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ရှမ်းယူနိုက်တက်ကို စစ်ကောင်စီနဲ့ အိမ်ခြံမြေတိုးတက်ရေး လုပ်ငန်းနှစ်ခု အကျိုးတူဆောင်ရွက်နေတဲ့ ဝမင်းကော်ပိုရေးရှင်းက ပိုင်ဆိုင်တာဖြစ်ပြီး၊ တစ်ခုက မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC) နဲ့ စစ်‌ထောက်ချုပ်ရုံးတို့နဲ့ ပူးပေါင်းဆောင်ရွက်နေတာဖြစ်တယ်လို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကနေ ပေါက်ကြားလာတဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဒါ့အပြင် ရှမ်းယူနိုက်တက်ကို ကမ္ဘောဇအုပ်စုကနေ စပွန်ဆာအဖြစ် ပံ့ပိုးပေးထားတာလည်း ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာ အချက်အလက်စုဆောင်းရေးအဖွဲ့အရ ကမ္ဘောဇဟာ ၂၀၁၇ ရိုဟင်ဂျာလူ မျိုးတုံးသတ်ဖြတ်မှုအတွက် အလှူငွေများစွာကို ပံ့ပိုးပေးခဲ့တာကြောင့် ၎င်းရဲ့တာဝန်ရှိသူတွေကို ရာဇဝတ်မှုနဲ့ စုံစမ်းစစ်ဆေးဖို့ အကြံပြုခံထားရတာ ဖြစ်ပါတယ်။

Macarthur Bulls ရဲ့ အမှုဆောင် အရာရှိချုပ်က “ပွဲမစခင် ခုနစ်ရက်အလို ပြီးခဲ့တဲ့အပတ်လောက်မှာ ရှမ်းယူနိုက်တက်အသင်းကို သြစတြေးလျက ပြည်ဝင်ခွင့်ဗီဇာ မပေးဘူးလို့ ကျွန်တော်တို့ သတင်းကြားခဲ့ပါတယ်။ ဒီပွဲကို မကစားနိုင်ခဲ့ဘူးဆိုရင် ကလပ်နဲ့ Football Australia အပေါ် ဒဏ်ခတ်အရေးယူမှုတွေ ဖြစ်လာနိုင်ပါတယ်”လို့လည်း ဆိုပါတယ်။

ဩစတေးလျအစိုးရရဲ့ မီဒီယာကို သတင်းထုတ်ပြန်ချက်မှာတော့ ၎င်းအနေနဲ့ စစ်ကောင်စီရဲ့ ဖိနှိပ်မှုနဲ့ အကြမ်းဖက်မှုတွေကို ရှုတ်ချတယ်လို့ ဆိုထားပါတယ်။

“စစ်ကောင်စီအနေနဲ့ အရပ်သားများအပေါ် အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့၊ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ဖို့၊ မတရား ဖမ်းဆီးခံထားရသူတွေကို လွှတ်ပေးဖို့နဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ဘေးကင်းကင်းနဲ့ အတားအဆီးမဲ့ ဝင်ရောက်ခွင့်ပြုဖို့ ကျွန်တော်တို့အနေနဲ့ တိုက်တွန်းပါတယ်” လို့ သြစတြေးလျအစိုးရက ပြောကြားထားခဲ့ပါတယ်။

သို့ပေမဲ့ တက်ကြွလှုပ်ရှားသူတွေကတော့ မြန်မာစစ်ကောင်စီအပေါ် ဩစတေးလျအစိုးရရဲ့ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ အားနည်းတဲ့အပေါ် အပြင်းအထန်ဝေဖန်ခဲ့ကြပါတယ်။

နို၀င်ဘာလအစောပိုင်းမှာလည်း Myanmar Campaign Network နဲ့ အဖွဲ့အစည်း ၄၁၄ ဖွဲ့တို့က စစ်ကောင်စီကို ဒဏ်ခတ်အရေးယူပိတ်ဆို့မှုတွေ အမြန်ဆုံးပြုလုပ်ဖို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပင်နီဝေါင်ထံ တောင်းဆိုခဲ့ကြပါသေးတယ်။

“စစ်ကောင်စီရဲ့ ဘဏ္ဍာရေး အရင်းအမြစ်တွေအပေါ် ထိထိရောက်ရောက် အကျိုးသက်ရောက်ဖို့နဲ့ မြန်မာနိုင်ငံရဲ့ ဖက်ဒရယ်ဒီမိုကရေစီအရေး ဆောင်ရွက်နေမှုအပေါ် တစ်သားတည်းဖြစ်ကြောင်း ပြသနိုင်ဖို့အတွက် ဩစတေးလျအနေနဲ့ ကျွန်တော်တို့ရဲ့ ကမ္ဘာ့ဒီမိုကရေစီ မဟာမိတ်တွေလိုမျိုး စစ်ကောင်စီအပေါ် ပိတ်ဆို့အရေးယူမှုတွေ ချဲ့ထွင်ဖို့ တိုက်တွန်းပါတယ်။ လက်ရှိမှာ သြစတြေးလျရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေက နိုင်ငံတကာရဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုရဲ့ ၂% ပဲရှိပါသေးတယ်”လို့ နိုင်ငံခြားရေးဝန်ကြီးဆီ ပေးပို့တဲ့စာထဲမှာ ဖော်ပြထားပါတယ်။

Photo-AFC

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article