ရေစကြိုမြို့နယ်၊ မင်းရွာရှိ ပျူစောထီးစခန်းကို ဝင်ရောက် တိုက်ခိုက်၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာရှိ ပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
ရန်ကုန်၊ နိုဝင်ဘာ ၂၉
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ မင်းရွာပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီးများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
နိုဝင်ဘာလ ၂၄ ရက် နံနက် ၆ နာရီခန့်က ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်း ဒေသရှိ မင်းရွာ ပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ မြေပြင်၊ ဝေဟင်စစ်ကြောင်း ၃ ကြောင်းဖြင့် ဝင် ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၄ နာရီ ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးရှိကာ ခဲယမ်းလိုအပ်ချက်အရ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
“အဓိက ကတော့ ပျူရွာကို တိုက်ခိုက်သိမ်းပိုက်ပြီးနယ်မြေရှင်းလင်းရေးလုပ်ဖို့ပေါ့၊ သတင်းပေါက်သွား တော့သူတို့ သူတို့ကရွာအစပ်ကနေ ဆီးပစ်တာ၊ ရွာနားလေးအထိတော့ ကပ်နိုင်ခဲ့တယ်၊ တိုက်စစ်ဖွင့် ပြီး တိုက်ခိုက်ခဲ့တာဆိုတော့ ၄ နာရီလောက်တိုက်ပွဲကြာသွားတဲ့အချိန်မှာ ခဲယမ်းက လုံးဝပြတ်သွားတဲ့အနေ အထားပေါ့၊ အဲဒါကြောင့် ကျနော်တို့ ပြန်ဆုတ်ခဲ့ရတာ၊ ပျူရွာဖြစ်နေတဲ့အတွက်ကြောင့်ရယ်၊ အထဲမှာ ဖရဲသီးလည်းရှိမနေတာရယ်ကြောင့် သူတို့ဘက်က ထိခိုက်သေဆုံးမှုကို စုံစမ်းလို့မရဘူး၊ မြေပြင်ရော ၊ ဒရုန်းရောဆိုတော့ ထိခိုက်သေဆုံးမှုကတော့ရှိနိုင်တယ်၊ အတည်ပြုလို့မရတာပါ” ဟု Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို Myingyan Black Tiger – MBTတပ်ဖွဲ့၊ Bright Stars Group၊ Popa Production & Guerilla Force (PPGF) ၊ Royal Brothers Defence Force တို့အပြင် အခြား မဟာမိတ်တပ်ဖွဲများ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာရှိ ပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း National People Defence Force-Yinmarbin (NPDF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၂၉ ရက်နေ့တွင် National People Defence Force-Yinmarbin-NPDF အနေဖြင့် ယင်းမာပင်မြို့တိုက်နယ်ပကဖ၏ ခွင့်ပြုချက်ဖြင့် ဘန့်ဘွေးရွာရှိ ပျူစောထီးစခန်းကို Fix wings ဖြင့် Air drop boom ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှု ရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
“ကျွန်တော်တို့ fix wings များ ဆက်လက်တည်ဆောက်ဖို့ ငွေကြေး အင်အားများ လိုအပ်နေပါတယ်။ ပြည်သူများအနေနဲ့ ပူးပေါင်းကူညီ အားဖြည့်ပေးပါလို့ မေတ္တာရပ်ခံပါတယ်” ဟု National People Defence Force-Yinmarbin (NPDF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။