ဘုတလင်၊မုံရွာ ပေါက်ခေါင်းတို့တွင် စစ်တပ်နှင့်စစ်ကြောင်းများကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံး
ရန်ကုန်၊ နိုဝင်ဘာ ၂၉
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်နှင့်မုံရွာမြို့နယ်၊ ပဲခူးတိုင်း၊ပေါက်ခေါင်းမြို့နယ်တို့တွင် စစ်တပ်နှင့်စစ်ကြောင်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပြောဆိုသည်။
ပေါက်ခေါင်းမြို့နယ်တွင် စစ်ကြောင်းကို ၂ ရက်ဆက်တိုက် ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံး
==========================================
ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၂ ရက်ဆက် ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၈ ဦးသေဆုံးခဲ့ကြောင်း ပြည်ခရိုင် တပ်ရင်း ၃၆၀၂ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၂၇ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်တွင် ပေါက်ခေါင်းမြို့နယ်၊ သရက်တပင်ကျေးရွာ အနီး၌ နယ်မြေရှင်းလင်းလုပ်ရန် စစ်ကြောင်း ထိုးလာသောအင်အား ၃၀ ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို သရက်တပင်ကျေးရွာနှင့် ကပစ ၁၉ အနီးရှိ ခုတ်ချောင်းကျေးရွာ အကြားတွင် ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂ ဇော်ဂျီစစ်ကြောင်းနှင့် တပ်ခွဲ(၁)တို့ကို ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် ပြည်ခရိုင်တပ်ရင်း ၃၆၀၂ တပ်ခွဲ ၁၊ တပ်ခွဲ ၂၊ တပ်ခွဲ ၃ ကွန်မန်ဒိုစစ်ကြောင်းတို့က ခုတ်ချောင်းကျေးရွာအနီးတွင်လက်နက်ကြီး လက်နက်ငယ်များဖြင့် ထပ်မံ ကြားဖြတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၈ ဦး သေဆုံးပြီး ၃ ဦးအပြင်းအထန် ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရှိရသည်။
တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားသောကြောင့် သေဆုံးသွားသော စစ်သား အလောင်းများနှင့် ထိခိုက် ဒဏ်ရာရရှိသူများကို နိုဝင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာ နေရာမှ ခုတ်ချောင်းကျေးရွာသို့သယ်ဆောင်သွားကြောင်း၊ အကြမ်းဖက် စစ်တပ်ဖွဲ့က တိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပြန်လည် ခုခံတိုက်ခိုက်သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက်မှ အထိအခိုက် မရှိလုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။
” ၁၁၂၇ Mission အဖြစ် ကြားဖြတ် တိုက်ခိုက်ခဲ့တာပါ။ ၂၇ ရက်နေ့ တိုက်ပွဲကတော့ စစ်ခွေးသေစာရင်း မသိရသေးဘူး။ ကျွန်တော်တို့ဘက်က ပစ်ပြီး အင်အားမမျှလို့ ပြန်ဆုတ်ခဲ့ရတယ်” ဟု ပြည်ခရိုင် တပ်ရင်း ၃၆၀၂ မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
အကြမ်းဖက် စစ်ကောင်စီ လက်နက်ကိုင် တပ်ဖွဲ့ဝင်များအားလုံး ပြည်သူနှင့် ပူးပေါင်းပြီး အချိန်မှီ အမြန်ဆုံးအလင်းဝင်ကြပါရန် ပြည်ခရိုင် တပ်ရင်း ၃၆၀၂ က အသိပေး ထုတ်ပြန်ထားသည်။
မုံရွာနှင့်ဘုတလင်တွင် စစ်တပ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား ၂ ဦးသေဆုံး
==========================================
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်နှင့် ဘုတလင်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Chindwin Brothers တပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ နိုဝင်ဘာလ ၂၉ ရက် နေ့တွင် ဘုတလင်မြို့ပေါ်ရှိ အကြမ်းဖက်စစ်သားများ တပ်စွဲထားရာ ရဲစခန်း ကို တစ်ကြိမ်၊ CB ဘဏ်၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများ ၂ ကြိမ် တိုက်ခိုက်ခဲ့ရာ CB ဘဏ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး ၅ ဦးကျော်ဒဏ်ရာရှိခဲ့ကြောင်း၊ အလားတူ မုံရွာမြို့ နယ်၊ သာစည်ရဲစခန်းကို ၃ ကြိမ်ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် မုံရွာမြို့နယ်၊ အကူတော်တပ်စခန်းအတွင်းသို့လည်း ဒရုန်းသင်တန်းအထိမ်းအမှတ်အဖြစ် သင် တန်းသား ရဲဘော်များနှင့်အတူ ဗုံးသီး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ဦး၏ ဦးခေါင်းများ ထိမှန်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Chindwin Brothers (D.G.F တပ်ခွဲ)၊ ကနီ B21၊ တပင်ရွှေထီး၊ အုပ်ကြီးနှင့်အဖွဲ့ ၊ နင်ဂျာတပ်ဖွဲ့ နှင့် မုံရွာခရိုင်တပ်ရင်း ၁၄ တို့ ပူးပေါင်း Shar Htoo Waw နည်းပညာ မောင်းသူမဲ့ လေယာဉ် ငယ်များဖြင့် တိုက်ခိုက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် စစ်ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်
====================================================
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် စစ်ကောင်စီကားတစ်စီးကို မိုင်းဆွဲတိုက် ခိုက်ခဲ့ကြောင်း Brave Heart Army-BHA တပ်ဖွဲ့ထံမှ သိရသည်။
ယနေ့ နိုဝင်ဘာလ ၂၉ ရက် နံနက် ၆ နာရီ ၂၃ မိနစ်ခန့်က မုံရွာမြို့၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်- နမခ မှ ထွက်လာသော Jammer တပ်ဆင်ထားသည့် ကားတစ်စီးကို မုံရွာ-ချောင်းဦး လမ်းပိုင်း တစ် နေရာ တွင် ပဒေသာမိုင်းကြီး ၅ လုံးဖြင့် ထိထိမိမိ ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ရာ ကားပျက်စီးသွားပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို Brave Heart Army-BHA အဖွဲ့သားများနှင့် CHINDWIN FIGHTER GROUP- CFG အဖွဲသားများ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦး။
