တောင်သာရှိ တစ်မိုက်သာကျေးရွာတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံး၊ ရွှေဘိုနှင့် ပခုက္ကူတွင် စစ်ကြောင်းနှင့် ယာဥ်တန်းကို ဒရုန်းဖြင့် ဗုံးကျဲပြီး မိုင်းဆွဲ တိုက်ခိုက်
ရန်ကုန်၊ နိုဝင်ဘာ ၂၉
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ တစ်မိုက်သာကျေးရွာတွင် တိုက်ပွဲဖြစ်ပြီး ပျူစောထီး ၁ ဦး သေဆုံးခဲ့ကြောင်း မြေလတ် – PDF မြင်းခြံခရိုင်တပ်ရင်း ၃ ထံမှ သိရသည်။
ယနေ့ နိုဝင်ဘာလ ၂၉ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ လက်နက်ချများ ချထားပေးသည့် ပျူစောထီးများအား နှိမ်နင်းရန် သွားရောက်စဉ် တစ်မိုက်သာကျေးရွာရှိပျူခေါင်းဆောင်အိမ်အတွင်းမှပြန်လည် ခုခံတိုက်ခိုက်သဖြင့် အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ရာ ပျူစောထီး တစ်ဦးသေဆုံးပြီး လက်နက် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“တစ်မိုက်သာရွာက ကျောဇီနဲ့ကပ်နေတာ၊ ကျော်ဇီမှာက နယ် မြေရဲစခန်းရှိတယ်၊ တစ်ရွာလုံး ပျူ မဟုတ်ဘူး၊ ဒီကောင်တွေပဲ ဇောင်းထမိုက်နေတာ၊ ကြာနေပြီ၊ လမ်းဘေးဇရပ်တွေမှာ ပိုက် ဆံတောင်းတယ်၊ လက်နက်တွေလည်း အိမ်ထဲမှာ သိမ်းထားတာ၊ အဲဒါနဲ့ ဖမ်းဖို့အိမ်ကို သွားတဲ့အချိန်မှာ အိမ်ထဲ ကနေ စပစ်တာ၊ အခုသွားတဲ့အိမ်က ပျူခေါင်းဆောင်နေအိမ်၊ အပြန်အ လှန်ပစ်ကြတဲ့အချိန်မှာ ပြေးတဲ့သူတွေ ထွက်ပြေးကြတယ်၊ ၇ ယောက်လောက်တော့ရှိတယ်၊ အခုသေတဲ့သူက ပျူခေါင်း ဆောင်ရဲ့တူသေတာ” ဟု ပါဝင်တိုက်ခိုက်ခဲ့သူ PDF ရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း၊ တောင်သာမြို့နယ် (ပကဖ) BGF (မြင်းခြံ)နှင့်
မလှိုင်မြို့နယ် (ပကဖ) တို့မှ ပူးပေါင်းပါဝင်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဇီးတောရွာထိပ်တွင် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ဗုံဂကျဲ တိုက် ခိုက်ခဲ့ကြောင်း BLACK WOLF – ARMY တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ပြောကြားသည်။
ယနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ရွှေဘိုမြို့နယ်၊ စိုင်နိုင်ဂွေ့မှ ထွက်ခွာလာသော အင်အား ၇၅ ဦးခန့်ပါ စစ်ကြောင်းကို ဇီးတောရွာထိပ် နေရာ ၃ ခု၌ ၆၀ မမ ဗုံးသီး ၃ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ် ကောင်စီတပ်သား ၄ ဦးထိခိုက်ဒဏ်ရရှိခဲ့ပြီး ၂ ဦးစိုးရိမ်ရ၊ ၂ ဦးမစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း၊ စိုးရိမ်ရ ဒဏ်ရာ စစ်ကောင်စီတပ်သားများကို ထမ်းစင်များဖြင့် သယ်ဆောင်သွားကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို BLACK WOLF – ARMY နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များဖြစ်သော Who am i Army နှင့် Forest Fighter Army တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား များမှ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် မကွေးတိုင်း၊ ပခုက္ကူ-ရေစကြို လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူမြို့နယ် ပကဖတပ်ခွဲ ၂ Young Force – UG အဖွဲ့ထံမှ သိရသည်။
နိုဝင်ဘာလ၂၉ ရက်နေ့ ည ၆ နာရီ ဝန်းကျင်ခန့်တွင် ပခုက္ကူ-ရေစကြို လမ်းပိုင်း၌ ရေစကြိုမှ ပခုက္ကူကို ပြန်လာသည့် ပြည်သူပိုင်ပစ္စည်းများကို ခိုးပြီး ကားပေါ်တွင်သစ်ရွက်များဖြင့်ဖုံးကာ မှောင်ရိပ်ခိုပြီး ပြန်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော Hijet ၁ စီး၊ ၁၀ ဘီးကား ၁ စီး ၊ FAW ကား ၁ စီး ၊ ၆ ဘီး သံပြားကာ ၃ စီး တို့ကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် အဆိုပါ ကားတန်းသည် ရပ်တန့်သွားပြီး အချိန်အနည်းငယ်အကြား လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ပြီး ပျက်စီးသွားသော ကားကို တခြားကားဖြင်း ဆွဲ၍ ပခုက္ကူမြို့ထဲကို ဝင်ရောက်သွားကြောင်း သိရသည်။


