တန့်ဆည်မြို့နယ်၊ ရွာရှည်(မ)ရွာကို တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေယာဥ်ဖြင့် ဗုံးကျဲမှု စာသင်ကျောင်း ထိခိုက်ပျက်စီးပြီး လူထိခိုက်မှုမရှိ
ရန်ကုန်၊ နိုဝင်ဘာ ၃၀
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ရွာရှည်(မ)ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ရွာရှည်(မ) အထက်တန်းကျောင်းမှ နှစ်ထပ်စာသင်ကျောင်းဆောင် တစ်ဆောင်နှင့် နေအိမ် နှစ်လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံပြည်သူများထံမှ သိရှိရသည်။
နိုဝင်ဘာလ ၃၀ရက် နံနက် ၁နာရီ ၄၇မိနစ်တွင် ရွာရှည်(မ)ရွာ တိုက်နယ်ဆေးရုံနှင့် အခြေခံပညာအထက်တန်းကျောင်းတို့ကို အကြမ်းဖက်စစ်တပ်က ပစ်မှတ်ထား၍ ပေါင်၅၀၀ဗုံး ၂လုံး ကြဲချ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ လူထိခိုက်သေဆုံးမှု မရှိကြောင်း အဆိုပါဖြစ်စဉ်ကို မြင်တွေ့ခဲ့သည့် ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
“လူတွေ အိပ်နေတဲ့အချိန် ည ၁နာရီ ၄၇မိနစ်မှာ ဗုံးလာကြဲတာ။ ရွာပေါ်မှာဝဲပြီးတော့ စာသင်ကျောင်းနဲ့ ဆေးရုံကို တစ်လုံးစီ ဆက်တိုက်ကြဲချတယ်။ စာသင်ကျောင်းက ပေ၁၅၀ နှစ်ထပ်ကျောင်းဆောင်ကြီး လုံးဝပျက်စီးသွားတယ်။ ဆေးရုံကိုကြဲတဲ့အလုံးက ဆေးရုံထဲမကျဘဲ ဆေးရုံအရှေ့ဘက် ကွင်းပြင်ထဲကိုကျပြီး နေအိမ်နှစ်လုံး ပျက်စီးသွားတယ်။ ဘာတိုက်ပွဲမှ မရှိဘဲ တမင်သက်သက် ပြည်သူတွေပဲရှိတာကို ကြဲချတာ။ ကံကောင်းလို့ မသေကြတယ်” ဟု ပြောသည်။
အလားတူ တန့်ဆည်မြို့နယ်၊ တောင်ကြောင်းရွာ ဝန်းကျင်ကို နိုဝင်ဘာလ ၂၉ရက်၊ ညနေ ၅နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်တပ်က Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။
တန့်ဆည်မြို့ကို နိုဝင်ဘာလ ၂၈ရက်နှင့် ၂၉ရက်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က ပိတ်ဆို့ပြီး စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့သောကြောင့် တန့်ဆည်မြို့ပေါ်ကို လေကြောင်းတိုက်ခိုက်မှု ၅ကြိမ်နှင့် တန့်ဆည်မြို့နယ် တောင်ကြောင်းရွာနှင့် ရွာရှည်(မ)ရွာတို့ကို လေကြောင်းတိုက်ခိုက်မှု တစ်ကြိမ်စီ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


