ပေါက်ခေါင်းနှင့် သရက်ချောင်းမြို့နယ်တို့တွင် စစ်တပ်ဂိတ်နှင့် ယာယီစစ်စခန်းတို့ကို ပြည်သူ့ကာကွယ်ရေးတပ်များက ပစ်ခတ် တိုက် ခိုက်
ရန်ကုန်၊ နိုဝင်ဘာ ၃၀
ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ပေါက်ခေါင်းမြို့နယ်၊ ညောင်ကုန်းရွာနှင့် ချင်းလည်ရွာ အကြား ခရိုင်ချင်း ဆက်လမ်းပေါ်ရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းတစ်ခုကို ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂ တပ်ခွဲ ၃ နှင့်(SPDF) တို့ပူးပေါင်း အဖွဲ့က စီးနင်း ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိခိုက် ဒဏ်ရာ ရရှိသူများကို ပေါက်ခေါင်း ဘက်သို့ လူနာတင်ကားဖြင့် တင်ဆောင်သွားပြီး ဒဏ်ရာရရှိသူများ သေဆုံးခြင်း ရှိမရှိကို အတည်ပြုနိုင်ရန် စုံစမ်းလျက်ရှိကြောင်း သိရှိရသည်။
” ဒဏ်ရာရတဲ့သူတွေထဲမှာ ၂ ဦးကတော့ ပြင်းထန်တယ်။ နောက်ဆက်တွဲ သေဆုံးစာရင်းကိုတော့ စုံစမ်းနေပါတယ်” ဟု ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂ မှ တာဝန်ရှိသူကပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ်ဂိတ်သည် ခရီးသွားပြည်သူများအပေါ် ဆဲဆိုကြိမ်းမောင်းခြင်း ငွေတောင်းခံခြင်း၊ဝယ်ယူလာသော ကုန်ပစ္စည်းများကို လိုအပ်သည်ထက်ပိုဝယ်သည့်ဟုဆိုကာ မြေပေါ်ဖြန့်ကျဲခြင်း၊ သိမ်းယူထားခြင်း၊ ဆန်ကိုလည်း ၆ ပြည်ထက် ပိုဝယ်မရခြင်း၊ ကားတစ်စီးလျှင်ဆန် ၂ အိတ် ထက်မတင်ရဟုဆိုကာ စစ်ဆေးနေသော ဂိတ်ဖြစ်ကြောင်း သိရသည်။
အလားတူ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ သိမ်ကုန်းရွာ ဘုန်ကြီးကျောင်းရှေ့ရှိ အကြမ်းဖက် စစ်တပ်၏ ယာယီစခန်းကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ (TYC-PDF) အဖွဲ့ထံမှ သိရသည်။
နိုဝင်ဘာလ ၂၆ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်တွင် ရငဲရွာ၊ မြွေတောင်မှ သိမ်ကုန်းရွာဘက်သို့ ရောက်လာသည့် အင်အား ၄၀ ကျော်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သရက်ချောင်းမြို့နယ်၊ သိမ်ကုန်းရွာ ဘုန်းတော်ကြီးကျောင်းရှေ့တွင် ယာယီ စခန်းချနေစဥ် ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ (TYC-PDF) နှင့် ဝါးရိပ်ခွန်အားပြောက်ကျားတပ်ဖွဲ့ (TYC-PDF) တို့က ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ပစ်ခတ်တိုက်ခိုက်မှုသည် ၁၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု ရှိသော်လည်း အရေအတွက်ကို စုံစမ်းနေဆဲဖြစ်ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့များဘက်မှ ထိခိုက်မှု တစုံတရာ မရှိဘဲ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။
