ဝေါမြို့နယ်၊ သူရဲသမိန်ရဲစခန်းတိုက်ခိုက်သိမ်းမှု ရဲစခန်းအမှုးအပါအဝင် ၉ ဦးသေဆုံး၊ ရွှေကျင်မြို့နယ်ရှိ ခမရ ၅၉၈ တပ်စခန်းကိုလည်း ဝင်ရောက်တိုက်ခိုက်
ရန်ကုန်၊ နိုဝင်ဘာ ၃၀
ပဲခူးတိုင်း၊ ဝေါမြို့နယ်ရှိ စစ်ကောင်စီလက် အောက်ခံ သူရဲသမိန်ကျေးရွာရဲစခန်းကို တိုက်ခိုက် သိမ်းပိုက် ခဲ့ရာ စခန်းမှူးအပါအဝင် ၉ ဦးသေဆုံးခဲ့ကြောင်း Bago Region PDF တပ်မှ တာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၅ နာရီခန့်အချိန် ဝေါမြို့နယ်၊ သူရဲသူမိန်ကျေးရွာကို အကြမ်းဖက်စစ်သား၊ ရဲ ပူး ပေါင်း အင်အား ၅၀ ခန့်ဖြင့် တပ်စွဲထားသော စစ်တပ်အောက်ခံ ရဲစခန်း ကို KNLA ပူးပေါင်းတပ်ဖွဲ့က ဝင် ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ရဲစခန်းမှူးအပါအဝင် ၄ ဦး၊ စစ်သား ၃ ဦး၊ ပျူစောထီး ၁ ဦးနှင့် ရာအိမ် မှူး တစ်ဦး စုစုပေါင်း ၉ ဦးသေဆုံးခဲ့ပြီး သေနတ် ၄ လက်သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း သိရသည်။
ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ဗိုလ်မှူးဆိုသူက အရပ်ဝတ်လဲကာ ထွက်ပြေးသွားကြောင်း၊ အနီးအနားရှိ မြစ်ကျိုး၊ လက်ပံ၊ အညာစု စသည့်ကျေးရွာများတွင် အထိုင်ချ ထားသော စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီးပစ်ကူပေးခြင်းတို့သဖြင့် စခန်းသိမ်းပိုက်နိုင်သော်လည်း မီးရှို့ဖျက်ဆီးနိုင်ခြင်းမရှိဘဲ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
အလားတူ နိုဝင်ဘာလ ၂၇ ရက် နံနက် ၅ နာရီခန့်က ဝေါမြို့နယ် တစ်ဖက်ကမ်း ရွှေကျင်မြို့နယ်၊ ကွမ်း ဆိပ် ကျေးရွာအခြေစိုက် စစ်ကောင်စီ၏ ခမရ ၅၉၈ တပ်စခန်းကို KNLA၊ PDF ပူးပေါင်းတပ်များက တိုက် ခိုက်ခဲ့ပြီး နှစ်ဖက်ထိခိုက်မှုအခြေအနေ မသိရသေးကြောင်း သိရသည်။
