ကိုးကန့်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံး၊ ဖြူးနှင့်ကျောက်ထုတွင်လည်း စစ်တပ် ပစ်ခတ်သော လက် နက်ကြီးကျည်ထိမှန်၍ ပြည်သူ ၄ ဦး ပွဲချင်းပြီးသေဆုံး
ရန်ကုန်၊ ဒီဇင်ဘာ ၁
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ခရိုင်ရှိ နန်ကော်ရွာထဲကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း MNDAA ၏ သတင်းပြန်ကြားရေး The Kokang ထံမှ သိရသည်။
နိုဝင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့် ကိုးကန့်ခရိုင်၊ ရှီးရှမ်းဒေသ၊ နန်ကော်ရွာထဲကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးကျည် ၁၀ လုံး ပစ်ခတ်ခဲ့ရာ ကျေးရွာနေ ပြည်သူ ၂ ဦးသေဆုံးပြီး ၁ ဦး ပြင်းပြင်း ထန်ထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
နန်ကော်ကျေးရွာကို နန်ထင်မိန်တောင်တန်းဘက်ရှိ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်ပြီး ထိခိုက် ဒဏ်ရာ အပြင်းအထန်ရရှိသူကို ဆေးရုံသို့ပို့ဆောင်ထားကာ အရေးပေါ်ကုသလျက်ရှိကြောင်း၊ လက်ရှိချိန်တွင် နန်ကော်ကျေးရွာနေ ပြည်သူများသည် အနီးစပ်ဆုံး တောတောင်များထဲကို သွားရောက်တိမ်းရှောင်နေရကြောင်း သိရသည်။
၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း ကိုးကန့် MNDAA ၏ အထူးဒေသ ဆ နယ်မြေအတွင်း အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသပြည်သူ ၃၈ ဦးသေဆုံးခဲ့ရကာ ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အလားတူ နိုဝင်ဘာလ ၂၄ ရက်နေ့ ပဲခူးတိုင်း၊ဖြူးမြို့နယ်ညောင်ပင်သာအရှေ့ကျီးရိုးကျေးရွာအုပ်စုရှိ ရေတွင်းကုန်ရွာနှင့် ဇဟားရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ပစ်ခတ်ရာ ပြည်သူနှစ်ဦးဖြစ်သည့် ဒေါ်စန်းမှီ၊ဒေါ်ဗျားဝင်းနှစ်ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် နိုဝင်ဘာလ ၂၆ ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်အချိန် မကွေးတိုင်း၊ ကျောက်ထုအမြောက်တပ်ထဲမှ လက်နက်ကြီး ၁၂၀ မမ ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျည်သည် ပန်းဆန်ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ဘုန်းကြီးကျောင်းမှ လက်ထောက် ဆရာတော်ဒဏ်ရာရရှိခဲ့ပြီး အပြစ်မဲ့ပြည်သူ ၂ ဦး ဖြစ်သည့် ဦးသိန်းဇော်(၄၈)နှစ်၊ဦးစည်သူကျော်(၃၃)နှစ်တို့မှာ နေရာတွင်လက်နက်ကြီးထိမှန်သေဆုံးခဲ့ကြောင်း၊ နောက်ထပ်အပြစ်မဲ့ပြည်သူ ဦးမောင်လှ ၆၀ နှစ်ဆိုသူမှာလည်း ပြင်းထန်ဒဏ်ရာ(စိုးရိမ်ရ)ရရှိထားကြောင်း ဒေသသတင်းရင်းမြစ် ယောအလင်းတန်း၏ သတင်းဖော်ပြချက်အရ သိရှိရသည်။