ပွင့်ဖြူမြို့နယ်ရှိ ယာဉ်ထိန်းရဲရုံးကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်မှု စစ်သား ၁ ဦး ပြင်းထန် ဒဏ်ရာရ
ရန်ကုန်၊ ဒီဇင်ဘာ ၁
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်ရှိ ယာဉ်ထိန်းရဲရုံးကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်မှု စစ်သား ၁ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေါင်းညီနောင် မြို့ပြပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
နိုဝင်ဘာ ၂၈ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်ခန့်တွင် ပွင့်ဖြူမြို့နယ်ရှိ ယာဉ်ထိန်းရဲရုံးကို လက်ပစ်ဗုံးနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ယာဉ်ထိန်းရဲရုံး ပျက်စီး၍ အကြမ်းဖက်စစ်သား ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“မော်တော်ပီကယ်ရုံးအတွင်းကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခဲ့တာပါ။ မော်တော်ပီကယ်ရုံးပျက်စီးပြီး စစ်ခွေးတစ်ကောင် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်” ဟု ဒေါင်းညီနောင် မြို့ပြပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို စလင်း (ပကဖ) တပ်ခွဲ ၁ ဒေါင်းညီနောင်မြို့ပြပြောက်ကျားအဖွဲ့နှင့် မိုးကြိုးပြောက်ကျားအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။