မြိုင်မြို့နယ်၊ လင်းကတောရွာ ရဲစခန်းကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ ချောက်မြို့၊ စည်ပင်အရာရှိ တစ်ဦး၏ နေအိမ်ကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်
ရန်ကုန်၊ ဒီဇင်ဘာ ၁
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လင်းကတောရွာ ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Middle Revolution Task Froce-MRTF အဖွဲ့ထံမှ သိရသည်။
နို၀င်ဘာလ ၂၉ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်ခန့်နှင့် နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မြိုင်မြို့နယ် လင်းကတောရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တိုက်ခိုက်မှုအတွင်း ဗုံးခိုကျင်းအတွင်းပိုင်း ပစ်မှတ်နေရာများကို တိကျစွာ ဗုံးသီးချ တိုက်ခိုက်နိုင်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှု အခြေအနေကို အတည်ပြုရန် စုံစမ်းလျက်ရှိကြောင်း၊ ဒရုန်းတပ်သားများ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို တပ်ရင်း ၁၇ ၊ တပ်ခွဲ ၂ MRTF ၊ RPTF ၊ Freedom Fighter နှင့် ရွှေဓားဗိုလ် တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တပ်ရင်း အမှတ် ၁၇ မဟာမိတ်တပ်ပေါင်းစု၊ Middle Revolution Task Froce-MRTF မှ Drone ဖြင့် ဆပ်စပ်သော ပစ္စည်းများ အားဖြည့်ရန်အတွက်နှင့် နည်းပညာအဆင့်မြင့်တင်ရန်အတွက် လိုအပ်မူများကိုပါဝင်ကူညီကြရန် မေတ္တာရပ်ခံ ထုတ်ပြန်ထားသည်။
ထို့ပြင် မကွေးတိုင်း၊ ချောက်မြို့ပေါ်ရှိ စည်ပင်အရာရှိတစ်ဦး၏ နေအိမ်ကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း Chauk Guerilla Force – CGF တာဝန်ခံ ဗိုလ်ဘကွန်းက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ယနေ့ ဒီဇင်ဘာလ ၁ ရက် မွန်းတည့် ၁၂ နာရီခွဲခန့်က ချောက်မြို့၊ အမှတ် ၁၅ နယ်မြေ၊ တိုးချဲ့ရပ်ကွက်ရှိ စည်ပင်သာယာရေး ကော်မတီရုံး၊ ရေပေးဝေရေးဌာန အရာရှိ နိုင်နိုင်မော်၏ နေအိမ်အတွင်းသို့ လက်ပစ် ဗုံးတစ်လုံး ပစ်သွင်း ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ဗုံးပေါက်ကွဲမှုရှိခဲ့ပြီး ထိခိုက်ပျက်စီးမှုအခြေအနေ သိရှိနိုင် ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
“အိမ်ထဲအထိရောက်အောင် ပစ်ခတ်ခဲ့တာပါ၊ ဗုံးပေါက်ကွဲမှုရှိခဲ့ပါတယ်၊ ထိခိုက်မှုအခြေအနေ အသေး စိတ်ကို မသိရသေးပါဘူး၊ ရဲဘော်တွေအားလုံး ဘေးကင်းလုံခြုံပါပြီ” ဟု Chauk Guerilla Force – CGF တာဝန်ခံ ဗိုလ်ဘကွန်းက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ စည်ပင်အရာရှိ နိုင်နိုင်မော်သည် ပြည်သူလူထုအပေါ် မောက် မာစွာ ဆက်ဆံခြင်း၊ ရေခွန်များကောက်ခံရာတွင် အတင်းအကြပ် ဖိအားပေးကောက်ခံနေခြင်းတို့ လုပ် ဆောင်နေသဖြင့် နောက်ဆုံးအကြိမ်အဖြစ် သတိပေးတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Chauk Guerilla Force – CGF ၊ People Defense Force Chauk ( ချောက် ပကဖ) ၊ မကွေးခရိုင် အမှတ် ၂ တပ်ရင်း နှင့် Burma Revolution Rangers တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Photo – အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရန် ပြင်ဆင်နေသည့် တော်လှန်ရေး တပ်ဖွဲ့ဝင်များ
