ကော့ကရိတ်မြို့နယ်၊ ကော့နွဲ့စခန်းကို KNLA ဦးဆောင်သော ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိ၊ သင်္ဃန်းညီနောင်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်နေ
ရန်ကုန်၊ ဒီဇင်ဘာ ၁
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ စစ်ကောင်စီတပ်၏ ကော့နွဲ့စခန်းကို KNLA ဦးဆောင်သော ပူးပေါင်းတပ်များက ယနေ့ တိုက်ခိုက်သိမ်းပိုက်ရရှိကြောင်း KNLA ဗဟိုဌာနချုပ်က သတင်းထုတ်ပြန်သည်။
ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၄ နာရီမှစတင်၍ KNLA ဦးဆောင်သော ပူးပေါင်းတပ်များက ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်းများကို ဝင်ရောက်တိုက်ခိုက်ကြောင်း၊ ယင်းနောက် ယနေ့နံနက်ပိုင်း တွင် ကော့ကရိတ်မြို့နယ်အတွင်းရှိ ကော့နွဲ့စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ရရှိကြောင်း သိရှိရသည်။
“ဒီနေ့မနက် တပ်မဟာ ၆ ဦးစီးပူးပေါင်းတပ် ကော့ကရိတ်မြို့အနီးရှိကော့နွဲ့စခန်းအား သိမ်းဆည်းရမိပြီး တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိသည်” ဟု KNLA HQ ဗဟိုဌာနချုပ်က သတင်းထုတ်ပြန်ထားသည်။
ထို့ပြင် သင်္ဃန်းညီနောင်ရဲစခန်းကိုလည်း PDF တပ်များအပါအဝင် မဟာမိတ်ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်နေပြီး တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရှိရသည်။
“သင်္ဃန်းညီနောင်မှာလည်း ရဲစခန်းဘက်မှာ တိုက်ပွဲ အတော်ကို ဖြစ်နေတယ်။ မနက်ကတည်းက အခုထက်ထိ ပစ်ခတ်နေကြတာ။လ က်နက်ကြီးတွေရော လက်နက်ငယ်တွေရောပဲ။ ပြည်သူတွေကတော့ ဘေးလွတ်ရာရှောင်နေရတယ်” ဟု သင်္ဃန်းညီနောင်မှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။