လွိုင်ကော်မြို့ အခြေစိုက် ခလရ ၅၄ တပ်ရင်း အတွင်း ပေါက်ကွဲမှုဖြစ်ပွားပြီး မီးလောင်
ရန်ကုန်၊ ဒီဇင်ဘာ ၁
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ အမှတ် ၅၄ ခြေလျင်တပ်ရင်း ခလရ – ၅၄ တပ်ရင်းအတွင်း၌ ပေါက်ကွဲမှုဖြစ်ပွားပြီး မီးလောင်ခဲ့ကြောင်း ကရင်နီတော်လှန်ရေးတပ်ဖွဲ့မှ ရှေ့တန်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဒီဇင်ဘာလ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်က ပေါက်ကွဲသံ ကျယ်လောင်စွာထွက်ပေါ်လာ ပြီး မီးခိုးလုံးထွက်လာကာ ၂ နာရီကျော်ကြာ လောင်ကျွမ်းနေခဲ့ကြောင်း၊ မည်သည့်အတွက်ကြောင့် ပေါက်ကွဲမှုဖြစ်ပွားပြီး မီးလောင်ရသည့် အခြေအနေ အသေးစိတ်ကို မသိရသေးကြောင်း ၊ ပေါက်ကွဲမှု မဖြစ်မီ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကျဲခြင်း၊ ခဲယမ်း၊ လူ၊ လက်နက်အင်အားဖြည့်တင်းခြင်းတို့ လုပ်ဆောင်နေခဲ့ကြောင်း သိရသည်။
“လွိုင်ကော်မြို့ထဲကို လေယာဉ်နဲ့ အဆက်မပြတ် ဗုံးကျဲတိုက်ခိုက်ပြီးတော့ မီးလောင်နေတာ၊ မီးခိုးလုံး ထွက်လာမှ ၅၄ တပ်ထဲမှာ မီးလောင်တယ်ဆိုတာ သိရတာ၊ မီးမလောင်ခင်ကတော့ ပေါက်ကွဲမှုဖြစ် သေးတယ်၊ ဘာကြောင့်ဖြစ်တယ်ဆိုတာ မသိရသေးဘူး” ဟု ကရင်နီတော်လှန်ရေးတပ်ဖွဲ့မှ ရှေ့တန်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ ခလရ ၅၄ တပ်ရင်းသည် လွိုင်ကော်မြို့၊ မိုင်းလုံးရထားလမ်း၏ ညာဘက်ခြမ်းတွင် တည်ရှိပြီး လွိုင်ကော် ဒေသကွက်ကဲရေး စစ်ဌာနချုပ်နှင့် အနီးကပ်ဆုံးတပ်ရင်းတစ်ခုဖြစ်ကာ လေကြောင်းမှ လူ၊ လက်နက်၊ ခဲယမ်းဖြည့်တင်းရာ၌ အဓိက အသုံးပြုနေသည့် တပ်ရင်းတစ်ခုဖြစ်ကြောင်း သိရသည်။
လွိုင်ကော်မြို့တွင် စစ်ကောင်စီ ပင်မအခြေစိုက်ရာ ဒကစ(လွိုင်ကော်အပါအဝင်) ခြေလျင်တပ်ရင်း ခလရ ၂၆၁ ၊ ခလရ ၂၅၀ ၊ ခလရ ၅၄ ၊ အမြောက်တပ်ရင်း ၃၆၂ ၊တပ်မတော်ဆေးရုံ အမှတ် ၇ ၊ ထောက်ပို့နှင့် ပို့ဆောင်ရေးတပ်ခွဲ အမှတ် ၇၂၂ တပ်တို့ရှိကြောင်း သိရသည်။

