ရေဇွာမြို့ပေါ်ကို စစ်တပ်က ၂ ရက်ဆက်တိုက် ဗုံးကျဲတိုက်ခိုက်မှု ဘုရားကျောင်း၊ ဆေးရုံ အပါအဝင် နေအိမ်အဆောက်အအုံ အလုံး ၆၀ ကျော် ပျက်စီး
ရန်ကုန်၊ ဒီဇင်ဘာ ၁
ချင်းပြည်နယ်၊ ရေဇွာမြို့ကို အကြမ်းဖက် စစ်တပ်က ၂ ရက် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ဘုရားကျောင်း၊ ဆေးရုံတို့ အပါအဝင် နေအိမ် အဆောက်အအုံ အလုံး ၆၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း Zotung Federal Council မှ ဆလိုင်းသောမတ်စ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
နိုဝင်ဘာလ ၂၈ ရက် ညနေပိုင်းနှင့် နိုဝင်ဘာလ ၂၉ ရက် နံနက်ပိုင်းတို့တွင် အကြမ်းဖက်စစ်ကောင်စီ တပ်က တိုက်လေယာဉ်ဖြင့် ဗုံးသီး အလုံး ၂၀ ကျော်ကျဲမှုကြောင့် လူနေအိမ် ၄ လုံးမီးလောင်ပျက်စီး ခဲ့ကြောင်း၊ ဘာသာရေးအဆောက်အအုံခန်းမတစ်ခု လုံးဝပျက်စီးသွားခဲ့ပြီး ဘာသာရေး အဆောက်အအုံ၊ ဆေးရုံ၊ကျောင်း၊ ဘဏ်ရုံးအပါအဝင် ပြည်သူပိုင်နေအိမ်အဆောက်အအုံ အလုံး ၆၀ ကျော် ထိခိုက်ပျက်စီး ခဲ့ကြောင်း သိရသည်။
“ပျက်စီးတဲ့အိမ်အဆောက်အအုံပေါင်းက ၆၀ ကျော်ရှိတယ်၊ ဘုရားကျောင်းတစ်ကျောင်းအပါအဝင် ဘာ သာရေးအဆောက်အအုံ ၅ လုံးလည်း အမိုးအကာနဲ့ ဖရိန်တွေ ပျက်စီးတာရှိတယ်၊ ဘာသာရေး အ ဆောက် အအုံတစ်ခုကတော့ လုံးလုံးပျက်စီးသွားတယ်၊ ခန်းမဆောင်ပေါ့၊ ဘာသာရေးခန်းမဆောင် က တော့ လုံးလုံး ပျက်စီးသွားတယ်၊ ပြည်သူ့နေအိမ် ၁၀ လုံးကျော်ကတော့ မီးလောင်တာနဲ့ ဗုံးထိပြီး လုံးဝ ပျက်စီးသွားတာက ၁၀ လုံးကျော်တယ်၊ နောက်ပြီးတော့ ပြည်သူ့အဆောက်အအုံဖြစ်တဲ့ ကျောင်း၊ ဘဏ် ရုံးနဲ့ ဆေးရုံ အဲဒါက ၄ လုံးလောက်အမိုးအကာနဲ့ ဖီလိန်တွေ ပျက်စီးတာရှိတယ်၊ အားလုံးပေါင်းက ၆၀ ကျော် ပျက်စီးသွားတယ်၊ ဗုံးကျဲတာက မိနစ်ပို်ငးပဲ ကြာတယ်၊ အလုံး ၂၀ လောက် ဗုံးကျသွားတာ၊ ပထမ ၂၈ ရက်နေ့ ညနေပိုင်းမှာ တစ်ခါ ဗုံးကျဲသွားတယ်၊ ပြီးတော့ ဒုတိယနေ့ ၂၉ ရက်နေ့ နံနက်ပိုင်းမှာ စခန်းသိမ်းခါနီးမှာတော်တော် ဗုံးကျဲသွားတာ၊ ၂၉ ရက်နေ့မှာတော့ ပြည်သူအဆောက်အအုံတွေ တော် တော်များများထိသွားပြီ” ဟု Zotung Federal Council မှ ဆလိုင်းသောမတ်စ်က ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြား သည်။
ရေဇွာမြို့သိမ်းတိုက်ပွဲကို နိုဝင်ဘာလ ၂၅ ရက်နေ့မှ စ၍ တိုက်ခိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလ ၂၉ ရက် နံနက် ပိုင်းတွင် သိမ်းပိုက်ရရှိခဲ့ပြီး ယုခုအခါ စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်လည် ဝင်ရောက်နိုင်ရေး အတွက် CDF Zotung တပ်ဖွဲ့ဝင်များမှ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေကြောင်း၊ ပျက်စီးသွား သော နေအိမ်များ၊ အဆောက်အအုံများ၊ စစ်ဘေးရှောင်ပြည်သူများ ပြန်လည် ဝင်ရောက်နေထိုင်နိုင်ရေး အတွက်အကူအညီများစွာ လိုအပ်လျက်ရှိကြောင်း သိရသည်။
“ပြည်သူတွေကတော့ ဘေးလွတ်ရာကို တိမ်းရှောင်ခိုင်းထားတယ်ဆိုတော့ ပြည်သူတွေကတော့ ထိခိုက် မှု မရှိဘူး၊ ကျနော်တို့ သူရဲကောင်း ရဲဘော်တွေကတော့ ၄ ဦးကျဆုံးသွားတယ်၊ မြို့သိမ်းတိုက်ပွဲမှာ၊ ပြည် သူ တွေကတော့ လောလောဆယ်မဝင်ကြသေးဘူး၊ CDF Zotaung ကနေ မြို့သိမ်းရှင်းလင်းရေး ဆောင် ရွက် နေ တုန်းရှိသေးတယ်၊ နယ်မြေရှင်းလင်းရေးဆောင်ရွက်ပြီးရင်တော့ ပြည်သူတွေ နည်းနည်းပါးပါး ပြန်ဝင်ဖို့တော့ရှိတယ်၊ ဒါပေမယ့် တိုက်လေယာဉ် မထင်မှတ်ပဲ လာမှာကိုလည်း စိုးရိမ် မကင်းဖြစ်ပြီးမှ မ ဝင်ရဲကြသေးဘူး၊” ဟု Zotung Federal Council မှ ဆလိုင်းသောမတ်စ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောဆိုသည်။
Zotung Federal Council အနေဖြင့် ဇိုတုန် ဖက်ဒရယ်ကောင်စီအခြေခံဥပဒေ ပုဒ်မ – (ခ) ၊ ပုဒ်မ – ၂၆ (ဆ)နှင့် ပုဒ်မ ၂၇ တို့အရ အုပ်ချုပ်ရေးပိုင်းလုပ်ငန်းများ အပြည့်အဝ ပြန်လည် လည်ပတ်နိုင်ရန်နှင့် မြို့ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူလူထုမှ ပူးပေါင်းပါဝင် ပေးကြပါရန် ထုတ်ပြန်ထားသည်။

