ရန်ကုန်တိုင်းလွှတ်တော်အနီး ယမန်နေ့ ဗုံးပေါက်ကွဲမှု ဖြစ်၊ မော်လမြိုင် အရှေ့ တောင်တိုင်းစစ်ဌာနချုပ်ထဲသို့ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်
ရန်ကုန်၊ ဒီဇင်ဘာ ၂
ရန်ကုန်တိုင်း၊ အလုံမြို့နယ် ၊ ရန်ကုန်တိုင်းလွှတ်တော်အနီးတွင် ယမန်နေ့ ညပိုင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း တိုင်းလွှတ်တော်အနီးနေထိုင်သူများနှင့် ရဲသတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။
ဒီဇင်ဘာလ ၁ ရက်နေ့ ည ၇ နာရီ ၃၅ မိနစ်ဝန်းကျင်အချိန် အလုံမြို့နယ်၊ စမ်းချောင်းမြို့နယ်အနီးရှိ ရန်ကုန်တိုင်း လွှတ်တော်ဝင်းအနီးတွင် ဗုံးပေါက်ကွဲမှု ၃ ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ ဗုံးမှာ ဆက်တိုက် ၃ လုံး ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး နေရာအတိအကျ မသိရှိရဘဲ တိုင်းလွှတ်တော်အဝင်းအနီးတွင် ပေါက်ကွဲသည်ဟုသာ သိရှိရကြောင်း စမ်းချောင်းမြို့နယ်၊ အောင်ချမ်းသာရပ်ကွက်တွင် နေထိုင်သူ ပြည်သူတစ်ဦးက ပြောဆိုသည်။
“ရန်ကုန်တိုင်းလွှတ်တော်နားမှာပဲ ပေါက်တာ။ ၃ လုံးဆက်တိုက်ပေါက်တယ်။ မနေ့ည ၇ နာရီ ၃၅ မိနစ်လောက်ရှိမယ်ထင်တယ်။ ကိုယ်တို့က နီးတော့ အသံကို အကျယ်ကြီးကြားရတာ” ဟု စမ်းချောင်းမြို့နယ်၊ အောင်ချမ်းသာရပ်ကွက်တွင်နေထိုင်သူ ပြည်သူတစ်ဦးက ရှင်းပြသည်။
အလားတူ ဒီဇင်ဘာလ ၁ ရက်နေ့ ည ၉ နာရိ ၂၉ မိနစ်အချိန် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဝင်းထဲသို့ ဒရုန်းဖြင့် ဗုံးကျဲမှု ဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်များက ဒရုန်းကို လိုက်လံပစ်ချရန် ကြိုးစားခဲ့ကြကြောင်း သိရှိရသည်။
“မနေ့ည ၉ နာရီ ၂၉ မိနစ်အချိန်မှာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကို ဒရုန်းနဲ့ဆော်သွားတယ်။ စစ်သားတွေက အောက်ကနေ သေနတ်တွေနဲ့ ဒရုန်းကို အောက်ကနေပြန်ပစ်တယ်။ ဒါပေမယ့် ဒရုန်းမထိဘူး။ ပစ်သံရော ဒရုန်းနဲ့ ဗုံးကျသံရော အသံတော်တော်ကျယ်တော့ မြို့က ပြည်သူတွေ ကြားလိုက်ကြရတယ်”ဟု မော်လမြိုင်မှ ပြည်သူတစ်ဦးက ပြောဆိုသည်။
နိုဝင်ဘာလ ၁၆ ရက်နေ့ညနေပိုင်းကလည်း မော်လမြိုင်၊ မြို့ပေါ် အရှေ့တောင်တိုင်း၊ တိုင်းစစ်ဌာနချုပ်(ရတခ) တိုင်းနှစ်ပတ်လည် အခမ်းအနား ကျင်းပနေစဥ် ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ Alpha Bats တပ်ခွဲ က Fix wing Kamikaze Drone ၂စင်းဖြင့်ဗုံးကျဲတိုက်ခိုက်ခဲ့ရာ တပ်ဘက်မှ ၂ ဦးသေဆုံးပြီး အရာရှိတချို့ သေဆုံးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ရန်ကုန်တိုင်းလွှတ်တော်ဝင်းနှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်။ (ပုံအဟောင်းဖြစ်ပါသည်။)

