ခင်ဦးမြို့နယ် အနောက်မြောက်ခြမ်း၊ ပျူစောထီးရွာများရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
ရန်ကုန်၊ ဒီဇင်ဘာ ၂
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အနောက်မြောက်ခြမ်း၊ ပျူစောထီးရွာများရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း KhinU Specialforce Organization (KSO) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၁ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ခင်ဦးမြို့နယ် အနောက်မြောက်ခြမ်း ပျူစောထီးရွာများရှိ စစ်တပ် အထိုင်ချ တပ်စွဲထားသော နေရာများကို Drone ဖြင့် ဗုံးသီး ၁၀ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တိုက်ခိုက်မှုအတွင်း စစ်သားနှင့် ပျူစောထီး ၁၀ ဦးခန့် စုဝေးနေသည့်နေရာ၊ စစ်တပ် အဓိက အထိုင်ချထားရာ နေရာနှင့် ပျဥ်ထောင်ရွာရှိ ပျူစောထီး နေအိမ်တို့ကို အတိအကျ ထိမှန်ခဲ့ပြီး ထိခိုက်ပျက်စီးမှုနှင့် သေဆုံးမှုရှိနိုင်ကာ သေဆုံးသည့် အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို KSO (KURDAF) ၊ မြို့နယ် ပကဖအဖွဲ့၊ Wolf Guerrilla (Local PDF YE .U) ၊ ARF (KURDAF) ၊ FireDragon (KU) အဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ခင်ဦးမြို့နယ် အတွင်းရှိ စစ်တပ် လက်အောက်ခံ ပျူစောထီးများ၊ စစ်ကောင်စီ တပ်သားများ အနေဖြင့် အထိုင်ချ နေရာများ အတွင်း အသေမခံဘဲ ပြည်သူလူထုနှင့် အမြန်ဆုံး ပူးပေါင်းလာရန် နောက်ဆုံး အကြိမ် သတိပေးကြောင်း KSO က ထုတ်ပြန်ထားသည်။
