ကိုးကန့်ဒေသ၊ နန်ကော်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံး၊ ထန်းတပင်မြို့နယ်၊ ဂွေ့ကြီးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ မှု ပြည်သူ ၂ ဦး ပြင်းထန် ဒဏ်ရာရပြီး စိုးရမ်ရ
ရန်ကုန်၊ ဒီဇင်ဘာ ၂
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့်ဒေသရှိ နန်ကော်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း ကိုးကန့် MNDAA ၏ သတင်းနှင့် ပြန်ကြားရေး The kokang က ထုတ်ပြန်ထားသည်။
နိုဝင်ဘာလ ၃၀ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ နန်ထမ်မိန်တောင်တန်း၌ တပ်စွဲ ထားသော အကြမ်းဖက် စစ်တပ်က လက်နက်ကြီးကျည် ၁၀ လုံး ပစ်ခတ်ခဲ့ရာ နန်ကော်ရွာ အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသပြည်သူ အရပ်သား ၂ ဦး ထိမှန်သေဆုံးပြီး ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
လက်ရှိချိန်တွင် နန်ကော်ရွာမှ ပြည်သူများသည် တောတောင်များ အတွင်း ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး ပြည်သူ တစ်ချို့သာ ရွာထဲ၌ ဆက်လက် အိမ်စောင့်နေထိုင်နေကြကြောင်း၊ ထို့ပြင် ညအချိန်တွင် အကြမ်းဖက် စစ်တပ်က ဂျက်လေယာဉ်ဖြင့် နန်ကော်ရွာရှိ တိုက်အိမ်များကို ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ နေအိမ် ၃ လုံး ပျက်စီးခဲ့ကြောင်း သိရှိရသည်။
၁၀၂၇ စစ်ဆင်ရေး လုပ်ဆောင်ခဲ့သည့် တစ်လျှောက် အကြမ်းဖက် စစ်တပ်က ရှမ်းမြောက်စစ် နယ်မြေတွင် ပြင်းပြင်းထန်ထန် အထိနာသွားသောကြောင့် နေအိမ်ရပ်ကွက်များ ၊ စာသင်ကျောင်းများကို ပစ်မှတ်အဖြင့်ထားပြီး လက်စားခြေသည့်သဘောဖြင့် ဦးတည်တိုက်ခိုက်လာကြောင်း၊ အထူးဒေသ ၁ နယ်မြေအတွင်းတွင် အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ ၃၈ ဦး သေဆုံးခဲ့ပြီး ၁၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အလားတူ ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဂွေ့ကြီးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦး ဒဏ်ရာရပြီး စိုးရိမ်ရကာ နေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ ဒီဇင်ဘာလ ၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီကျော်ခန့်တွင် ထန်းတပင်မြို့နယ်၊ ဂွေ့ကြီးရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦး ဒဏ်ရာရပြီး စိုးရိမ်ရကာ နေအိမ်များ ပျက်စီးခဲ့ကြောင်း သိရသည်။
“ထန်းတမြို့နယ် ဂွေ့ကြီးကျေးရွာကို ဒီနေ့ ၁၂ နာရီလောက်က ဂျက်ဖိုက်တာနဲ့ အကြောင်းမဲ့ လာရောက်ပစ်သွားတာ ပြည်သူ ၄ ဦးထိမှန်ပြီး နေအိမ် ၃ လုံးပျက်စီးသွားတယ်။ အမျိုးသား ၁ ဦး ခါးအောက်ပိုင်း စုတ်ပြတ်သွားတယ်။ အမျိုးသမီးကလည်း ဗိုက်ကိုမှန်သွားပြီး စိုးရိမ်တယ်။ အခုဆေးရုံကို ပို့နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။