25 C
Yangon

ရခိုင်ပြည်နယ်တွင် နှစ်ပတ်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲများ အတွင်း စစ်တပ်၏ ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် ပြည်သူ ၂၅ ဦး သေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူ ၆၀ ကျော်ရှိ

Must read

ရခိုင်ပြည်နယ်တွင် နှစ်ပတ်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲများ အတွင်း စစ်တပ်၏ ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် ပြည်သူ ၂၅ ဦး သေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူ ၆၀ ကျော်ရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၂

ရခိုင်ပြည်နယ်တွင် နှစ်ပတ်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲများ အတွင်း အကြမ်းဖက် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် ပြည်သူ ၂၅ ဦး သေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူ ၆၀ ကျော်ရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့က စတင်ခဲ့သည့် ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက် စစ်တပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ ဖြစ်ပွားခဲ့သော တိုက်ပွဲ နှစ်ပတ်တာအတွင်း သေဆုံးသူ ၂၅ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၆၅ ဦး အထိရှိလာကြောင်း သိရသည်။

သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများမှာ ရခိုင်ပြည်နယ် အတွင်းရှိ အရပ်သားများနှင့် ပလက်ဝမြို့နယ်အတွင်းမှ အရပ်သားများဖြစ်ပြီး ၎င်းတို့အားလုံးသည် အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီး၊ လက်နက်ငယ်များကြောင့် ထိခိုက်သေဆုံးခဲ့ရသူများလည်း ပါဝင်ကြောင်း သိရှိရသည်။

နိုဝင်ဘာ ၁၃ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ ပစ်ခတ်မှုကြောင့် မြောက်ဦးမှ ပြည်သူ ၂ ဦး၊ မင်းပြားမြို့နယ်မှ ပြည်သူ ၁ ဦးနှင့် ကျောက်တော်မြို့နယ်မှ ပြည်သူ ၃ ဦး စုစုပေါင်း ၆ ဦး သေဆုံးခဲ့ရပြီး မြောက်ဦး၊ မင်းပြား၊ ကျောက်တော်နှင့် မောင်တောမြို့နယ်တို့မှ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

နိုဝင်ဘာ ၁၄ ရက်နေ့တွင် မင်းပြားမြို့နယ်မှ မွတ်ဆလင် ၃ ဦး၊ အမ်းမြို့နယ်မှ ပြည်သူ ၁ ဦးနှင့် ပလက်ဝမြို့နယ်မှ ပြည်သူ ၄ ဦး စုစုပေါင်း ၈ ဦးသေဆုံးခဲ့ပြီး မင်းပြားမြို့နယ်က မွတ်ဆလင် ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

နိုဝင်ဘာ ၁၅ ရက်နေ့တွင် မြေပုံမြို့နယ်မှ ၃ဦး ထိခိုက်ဒဏ်ရာရရှိပြီး နိုဝင်ဘာ ၁၇ ရက်နေ့တွင် မင်းပြားမြို့ထဲကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်ပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

နိုဝင်ဘာ ၁၈ ရက်တွင် စစ်တပ်၏ နေဗီ (စစ်ရေယာဉ်) မှ ပစ်ခတ်မှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ် နတ်ဆိပ်ဒေသခံ ၁ ဦး ကျဉ်ထိမှန်၍ ဒဏ်ရာရရှိခဲ့ကြောင်း၊ နိုဝင်ဘာ ၂၀ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်နှင့် ပလက်ဝမြို့နယ်မှ ဒေသပြည်သူ ၉ ဦးမှာလည်း စစ်တပ်၏ လက်နက်ကြီးနှင့် လေကြောင်း ပစ်ခတ်မှုတို့ကြောင့် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၂၂ ရက်နေ့ ညအချိန်တွင် မင်းပြားမြို့ရှိ စစ်ကောင်စီတပ်ရင်းများနှင့် ကုလားမြစ်ကြောင်းရှိ နေဗီများမှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် မင်းပြား၊ မြောက်ဦးနှင့် ရသေ့တောင်မြို့နယ်များမှ ဒေသ ပြည်သူ ၂ ဦးသေဆုံးကာ ၃ ဦးထိခိုက်ခဲ့ပြီး နိုဝင်ဘာ ၂၄ ရက်နေ့တွင်လည်း ရသေ့တောင်မြို့နယ်မှ ပြည်သူ ၁ ဦးသေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

နိုဝင်ဘာ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် ပေါက်တော၊ မောင်တောနှင့် ပုဏ္ဏားကျွန်းတို့မှ ၂ ဦးသေဆုံးပြီး ထိခိုက်သူ ၃ ဦး ရှိကြောင်းနှင့် နိုဝင်ဘာ ၂၇ ရက်နေ့တွင် ပုဏ္ဏားကျွန်းအပါအဝင် ဘူးသီးတောင်၊ မြောက်ဦး၊ စစ်တွေနှင့် မောင်တော မြို့နယ်တို့မှ သေဆုံးသူ ၃ ဦးရှိခဲ့ပြီး ထိခိုက်သူ ၈ ဦးရှိကြောင်း သိရသည်။

ယင်းနောက် နိုဝင်ဘာ ၂၈ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ ပစ်ခတ်သည့် လက်နက်ငယ်ကျရောက်မှုကြောင့် ကျောက်တော်မြို့နယ်မှ ၁ ဦး၊ နိုဝင်ဘာ ၂၉ ရက်နေ့တွင် လက်နက်ကြီးကျရောက်မှုကြောင့် မင်းပြားမြို့နယ်မှ ဒေသပြည်သူ ၄ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။

အထက်ပါ ထိခိုက်သေဆုံးစာရင်းမှာ တိုက်ပွဲစတင်သည့် နိုဝင်ဘာ ၁၃ ရက်မှ နိုဝင်ဘာ ၃၀ ရက်နေ့အထိ ၁၇ ရက်တာအတွင်း ကောက်ယူထားသည့် စားရင်းအချက်လက်များဖြစ်ပြီး မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ အမ်းနှင့် ပလက်ဝမြို့နယ်တို့က ထိခိုက်သေဆုံးရသူ အရေအတွက်များဖြစ်သည်။

ထိုသို့ ထိခိုက်သေဆုံးသူများထဲတွင် အသက်မပြည့်သေးသည့် ကလေးငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများနှင့် သံဃံတော်များလည်း ပါဝင်ကြောင်း၊ ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်စတင်ခဲ့သည့် ရခိုင်တိုက်ပွဲမှာ ရခိုင်နှင့် ပလက်ဝတွင်လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး အကြမ်းဖက် စစ်တပ်က ကြည်းတပ်၊ လေကြောင်း၊ ရေကြောင်းနှင့် ဒရုန်းများကို အဓိကအသုံးပြုကာ အရပ်သားများအား ဦးတည်တိုက်ခိုက်နေကြောင်း ရခိုင်ပြည်သူများက ပြောဆိုသည်။

မြို့နယ်အလိုက်တပ်စွဲထားသည့် စစ်ကောင်စီ တပ်ရင်းများမှ လက်နက်ကြီး၊ ငယ်တို့ဖြင့် ရမ်းသန်းပစ်ခတ်မှုများကိုလည်း နေ့စဉ်နှင့်အမျှ ဆက်တိုက်လုပ်ဆောင်လျှက်ရှိကြောင်း၊ စစ်တပ်က အရပ်သားများကို ဦးတည်၍ တိုက်ခိုက်နေခြင်းကြောင့် ရက္ခိုင့်တပ်တော် AA သည် ရခိုင်ပြည်သူများ စစ်ပွဲအတွင်း လိုက်နာဆောင်ရွက်ရမည့် အချက် ၂၁ ကို နိုဝင်ဘာလ ၃၁ ရက်နေ့က ထုတ်ပြန်သတိပေးထားသည်။

AA ၏ သတိပေးချက် ၂၁ ချက်ထဲတွင် စစ်ရေးဆိုင်ရာ တိုက်ပွဲသတင်းများကို အချိန်ပြည့် နားစွန့်ထားရန်၊ စစ်ကောင်စီမှ ကြည်း၊ ရေ၊ လေ၊ ဒရုန်းတို့ဖြင့် အချိန်မရွေးပစ်လာနိုင်၍ သတင်းများကို နားစွန့်ပြီး ဗုံးခိုကျင်း သို့မဟုတ် ဗုံးဒဏ်ခံနိုင်သော နေရာများတွင် နေထိုင်ကြရန် တို့ပါဝင်သည်။

ယင်းအပြင် မြစ်၊ ချောင်းအနီး မြို့များ၊ ကျေးရွာများအနေဖြင့် စစ်ကောင်စီ နေဗီ (ဇက်သင်္ဘော) များ အသွားအလာ စစ်ရေးလှုပ်ရှားမှုများကို စောင့်ကြည့်ကာ သတိပြုသွားလာနေထိုင်ကြရန်နှင့် တိုက်ပွဲဆိုင်ရာ သတင်းများကို AA ၏ ရပ်/ကျေး အုပ်ချုပ်ရေးမှူး သို့မဟုတ် တာဝန်ခံများအား ဆက်သွယ်မေးမြန်းကြရန် တို့ဖြစ်သည်။

ရခိုင်ပြည်သူများအနေဖြင့် စစ်ပွဲကာလဖြစ်၍ စားနပ်ရိက္ခာများနှင့် ဆေးဝါးများကို ကြိုတင်ပြင်ဆင်ထားရန်နှင့် အရေးပေါ်အချက်ပီး ပလီ၊ ပါဝါဘန့်၊ ဓါတ်မီး၊ မီးခြစ်၊ ဖယောင်းတိုင်းတို့ကိုလည်း ကိုယ်နှင့်အတူ တစ်ပါတည်းယူဆောင်နိုင်ရန် ပြင်ဆင်ထားရေးကို AA က တိုက်တွန်းထားသည်။

(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article