Breaking News- ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်၊ ခမရ ၅၉၉ တပ်နှင့် မုန်းမြို့ မြို့မ ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခံရ ဒေသပြည်သူများပြောဆိုသော်လည်း တော်လှန်ရေးတပ်များထံမှ အတည်ပြုချက်မရရှိသေး
ရန်ကုန်၊ ဒီဇင်ဘာ ၃
ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ရှိ ခမရ ၅၉၉ တပ်ရင်းဌာနနှင့် မုန်းမြို့ မြို့မ ရဲစခန်းကို မဟာမိတ် တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
ဒီဇင်ဘာလ ၂ ရက်နေ့ ညပိုင်းတွင် ခမရ ၅၉၉ တပ်နှင့် မုန်းမြို့ မြို့မရဲစခန်းကို တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိခြင်းဖြစ်ပြီး ယနေ့ ဒီဇင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းတွင်လည်း ဆက်လက် တိုက်ပွဲပြင်းထန်နေကြောင်း၊ စစ်ကောင်စီတပ်များကို တော်လှန်ရေးတပ်များက ဆက်လက် ထိုးစစ်ဆင်နေကြောင်း သိရှိရသည်။
“ဒီဇင်ဘာလ ၂ ရက်နေ့ ည ၁၀ နာရီခွဲမှာ ခမရ ၅၉၉ တပ် သိမ်းပိုက်နိုင်တယ်လို့ သိရပါတယ်။ နောက်တစ်ခါ မုန်းမြို့ ရဲစခန်းကိုလည်း သိမ်းလိုက်ပြီလို့သိရတယ်။ အခုလက်ရှိလည်း ရှေ့ကို ထိုးစစ်ဆင်နေတော့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။ မုန်းတံတားမှာ တိုက်ပွဲက အပြင်းထန်ဆုံးပဲ။ ခမရ ၅၉၀ တပ်နဲ့မုန်းတံတားနားက ပြည်သူတွေအားလုံး တိမ်းရှောင်နေရပါတယ်။ လက်နက်ကြီး၊ လက်နက်ငယ်တွေဆူညံနေတာပါပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထိုသို့ဒေသပြည်သူများက ပြောဆိုကြသော်လည်း တပ်ရင်းနှင့် ရဲစခန်းကို သိမ်းပိုက်ရရှိသည်ဆိုသော သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့များ၏ အတည်ပြု သတင်းထုတ်ပြန်ချက်ကိုမူ ရန်ကုန်ခေတ်သစ်အနေဖြင့် အတည်ပြုနိုင်ခြင်းမရှီသေးပေ။
