ကျောက်ကြီး၊ မုန်းမြို့တွင် စစ်ကောင်စီ၏ ခမရ ၅၉၉ တပ်ရင်းနှင့် ရဲစခန်းကို တိုက်ခိုက် သိမ်းပိုက်ထားပြီး အခြားစစ်တပ် တပ်ရင်းကိုပါ သိမ်းနိုင်ရေး တိုက် ခိုက်နေဟု PDF အတည်ပြု
■ မုန်းမြို့မှ စစ်တပ်စခန်းနှင့်လုံခြုံရေးကင်းများ ဆုတ်ခွာနေရပြီး မြို့ကို တော် လှန်ရေးတပ်များက သိမ်းပိုက်ထားဟု စစ်လော်ဘီများက သတင်းဖြန့်ဝေ စစ်ကူတောင်းနေ
ရန်ကုန်၊ ဒီဇင်ဘာ ၃
ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ရှိ ခမရ ၅၉၉ တပ်ရင်းဌာနနှင့် မုန်းမြို့ မြို့မ ရဲစခန်းကို မဟာမိတ် တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိပြီဖြစ် ကြောင်း ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြု ပြောဆိုကြသည်။
ဒီဇင်ဘာလ ၂ ရက်နေ့ ညပိုင်းတွင် ခမရ ၅၉၉ တပ်နှင့် မုန်းမြို့ မြို့မရဲစခန်းကို တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိခြင်းဖြစ်ပြီး ယနေ့ ဒီဇင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်ရင်းတစ်ခုကို ဆက်လက် သိမ်းပိုက်နိုင်ရေး တိုက်ပွဲပြင်းထန်နေကြောင်း၊ စစ်ကောင်စီတပ်များကို တော်လှန်ရေးတပ်များက ဆက်လက် ထိုးစစ်ဆင်နေကြောင်း သိရှိရသည်။
“နောက်တပ်ရင်းကို ဆက်သိမ်းနေပါတယ်။ အခုအထိ တိုက်ပွဲ ဖြစ်နေဆဲပါ” ဟု ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မုန်းမြို့မှ ဒေသပြည်သူများကမူ မုန်းတံတားနှင့် ခမရ ၅၉၀ တပ်တွင် တိုက်ပွဲပြင်းထန်နေသည်ဟု ပြောဆိုကြသည်။
“ဒီဇင်ဘာလ ၂ ရက်နေ့ ည ၁၀ နာရီခွဲမှာ ခမရ ၅၉၉ တပ် သိမ်းပိုက်နိုင်တယ်လို့ သိရပါတယ်။ နောက်တစ်ခါ မုန်းမြို့ ရဲစခန်းကိုလည်း သိမ်းလိုက်ပြီလို့သိရတယ်။ အခုလက်ရှိလည်း ရှေ့ကို ထိုးစစ်ဆင်နေတော့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။ မုန်းတံတားမှာ တိုက်ပွဲက အပြင်းထန်ဆုံးပဲ။ ခမရ ၅၉၀ တပ်နဲ့မုန်းတံတားနားက ပြည်သူတွေအားလုံး တိမ်းရှောင်နေရပါတယ်။ လက်နက်ကြီး၊ လက်နက်ငယ်တွေဆူညံနေတာပါပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
စစ်တပ်လော်ဘီများကမူ ပဲခူးတိုင်းအရှေ့ခြမ်း မုန်းမြိုအခြေစိုက်စစ်စခန်းများကို တော်လှန်ရေးတပ်များက အင်အားအလုံး အရင်းဖြင့် ဝင်ရောက်စီးနင်းသဖြင့် ယခုလက်ရှိအချိန်အထိ မုန်းမြို ရဲစခန်းနှင့် မုန်းမြိုအဝင် တံတား ကင်းစခန်းများ ဆုတ်ခွာပေးလိုက်ရကြောင်း၊ လက်ရှိ ၅၉၀ တပ်တွင်း တော်လှန်ရေးတပ်များ ရောက်ရှိနေကြောင်း၊ မုန်းမြို့ကို တော်လှန်ရေးတပ်များက စီးနင်းသိမ်းပိုက်ထား ကြောင်း၊ စစ်တပ်က လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် အဆက်မပြတ် ပစ်ကူပေးလျက်ရှိနေကြောင်း၊ စစ်ကူများ အချိန်မီ ရရှိရန်လိုကြောင်း တယ်လီဂရမ်ချန်နယ်များတွင် သတင်းဖြန့်ဝေ စစ်ကူတောင်းနေကြသည်။