ကိုးကန့်ဒေသရှိ နန်ကော်ရွာ၊ ရှရှင်ကျိုင့်ရွာနှင့် လားရှိုးရှိ လုံတွေရွာကို စစ်တပ်က လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် ပစ်ခတ် ဗုံးကျဲခြင်းကြောင့် ပြည်သူ ၉ ဦးသေဆုံး
ရန်ကုန်၊ ဒီဇင်ဘာ ၃
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသရှိ နန်ကော်ရွာနှင့် ရှရှင်ကျိုင့်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး လေကြောင်းဖြင့် ဗုံးကျဲခြင်းကြောင့် ကလေးငယ်များ အပါအဝင် ပြည်သူ ၇ ဦးသေဆုံးခဲ့ကြောင်း ကိုးကန့် MNDAA ထံမှ သိရသည်။
နိုဝင်ဘာလ ၃၀ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ကိုးကန့်ဒေသရှိ နန်ထင်မိန် တောင်ကုန်းစခန်းမှ တစ်ဆင့် ရှီးရှမ်းဒေသ၊ နန်ကော်ရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့ကြောင်း သိရသည်။
ယင်းနေ့ ညပိုင်းတွင် အကြမ်းဖက် စစ်တပ်က ဂျက်လေယာဉ်ဖြင့် နန်ကော်ရွာကို ထပ်မံ လာရောက်ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ် ၃ လုံးပျက်စီးခဲ့ပြီး ကားထဲတွင် ဝင်အိပ်နေသည့် အိမ်ပိုင်ရှင်လည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။
အလားတူ နိုဝင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က တုန်းရှမ်းဒေသရှိ ရှရှင်ကျိုင့်ရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၄ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးသူနှင့် ဒဏ်ရာရသူများသည် တအာင်းတိုင်းရင်းသားများဖြစ်ပြီး သေဆုံးသူများမှာ အသက် ၁၅ နှစ်အရွယ် မိန်းကလေး ၁ ဦး ၊ အသက် ၃၈ နှစ်အရွယ် အမျိုးသမီး ၁ ဦး နှင့် အသက် ၁၀ နှစ်အရွယ် ကလေးငယ် ၁ ဦးနှင့် အသက် ၂၀ နှစ်ရွယ် ယောကျ်ားလေး ၁ ဦးတို့ဖြစ်ပြီး ၃ ဦးသည် ပွဲချင်းပြီး သေဆုံးသွားကာ ကျန် ၁ ဦးသည် ဆေးရုံကို ပို့ဆောင်စဥ် သေဆုံးခဲ့ကြောင်း သိရှိရသည်။
ထိခိုက် ဒဏ်ရာရရှိသူ ၂ ဦးမှာ အသက် ၁၀ နှစ် နှင့် ၁၂ နှစ်အရွယ် ကလေးများဖြစ်ပြီး လက်ရှိချိန်တွင် MNDAA က နောက်တန်းကို ပို့ဆောင်ပြီး ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။
အလားတူ ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ လုံတွေကျေးရွာကို အကြမ်းဖက် စစ်တပ်က ဒီဇင်ဘာလ ၂ ရက်နေ့ ည ၉ နာရီ ၅ မိနစ်ခန့်တွင် ပေါင် ၅၀၀ ဗုံး ၄ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ လုံတွေကျေးရွာမှ အမျိုးသမီး ၂ ဦး ပွဲချင်းပြီးသေဆုံးပြီး ၁ ဦး ထိခိုက် ဒဏ်ရာရရှိကာ နေအိမ် ၉ လုံးကျော် ပျက်စီးခဲ့ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံမှ သိရသည်။
ညီနောင်မဟာမိတ် ၃ ဖွဲ့ ဖော်ဆောင်သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း အကြမ်းဖက် စစ်တပ်မှ အရပ်သားပြည်သူများကို ပေါင် ၅၀၀ ဗုံးအပြင် Cluster Bomb အမျိုးအစားကဲ့သို့သော လက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများစွာ ပြုလုပ်လာနေပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိကြောင်း သိရသည်။