စစ်ကောင်စီ၏ တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ ဗိုလ်မှူးကြီးတစ်ဦးက ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ လူဝင်မှုကြီးကြပ်ရေးရုံးတွင် ငွေကြေးအကုန် အကျများသည့် အခွင့်ထူးခံ ဗီဇာ လာလုပ်
ရန်ကုန်၊ ဒီဇင်ဘာ ၄
အကြမ်းဖက် စစ်ကောင်စီ၏ တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ ဗိုလ်မှူးကြီးတစ်ဦး ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ လူဝင်မှုကြီးကြပ်ရေးတွင် ငွေကြေးအကုန်အကျများသည့် အခွင့်ထူးခံ ဗီဇာ လာလုပ်နေကြောင်း ယနေ့ ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနတွင် ရောက်ရှိနေသည့် မြန်မာတချို့က အတည်ပြုပြောဆိုသည်။
ယနေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ ထိုင်းThai immigration Division 1 တွင် တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်းပုခုံးတံဆိပ်ဖြင့် ဗိုလ်မှူး ကြီးရာထူး အပွင့်အခက် အပြည့်အစုံ ပါသော ယူနီဖောင်းဝတ်ဆင်ထားသည့် စစ်တပ်အရာရှိကြီးတစ်ဦး အခွင့်ထူးခံ ဗီဇာ (Elite Visa) လာရောက် လုပ်နေကြောင်း ၊ စစ်ကောင်စီတပ်မှ ထိပ်ပိုင်းခေါင်းဆောင်ပိုင်း၏ မိသားစုဝင်များ၊ ဆွေမျိုးများက ထိုင်းနိုင်ငံသို့ အချိန်မရွေး ဝင်ထွက်နိုင်သော အခွင့်ထူးခံဗီဇာများ လုပ်နေကြကြောင်း သိရှိရသည်။
“ဒီနေ့ ထိုင်းလ၀ကမှာ တွေ့တဲ့ အဲဒီဗိုလ်မှူးကြီးကတော့ စစ်သံရုံးကထင်တယ်။ ဗိုလ်မှူးကြီးလက်ထဲမှာ နိုင်ငံကူးလက်မှတ်အရ တရားဝင် လာတာ။ သူတို့နဲပတ်သက်တဲ့ အသိုင်းအဝိုင်း၊ တစ်ယောက်ယောက်အတွက် ဗီဇာ လိုက်လုပ်၊ လိုက်ဝယ်ပေးတာမျိုးထင်တယ်။ စကစဘက်က အခြေအနမကောင်းတဲ့အခါကျတော့ ငွေကြေးတတ်နိုင်တဲ့သူတွေ၊ စစ်တပ်အသိုင်းအဝိုင်းတွေ၊ စစ်တပ်နဲ့ ပတ်သက်တဲ့ စီးပွားရေးသမားတွေ Elite Visa တွေ ဝယ်ပြီး ပြောင်းနေကြပြီ” ဟု ထိုင်းနိုင်ငံတွင် ဗီဇာဝန်ဆောင်မှုပေးသည့် မြန်မာအေးဂျင့်တစ်ဦးက ပြောဆိုသည်။
ထိုင်းနိုင်ငံတွင် ငွေကြေးချမ်းသာသူများကို အထူးအခွင့်အရေးပေး နေထိုင်ခွင့်ပြုသည့် အခွင့်ထူးခံ (Elite Visa) များခွင့်ပြုပေးနေပြီး ငွေကြေးပေးနိုင်မှု အပေါ် ၍ ထိုင်းနိုင်ငံတွင် အကန့်အသတ်မရှိ ၅ နှစ်၊ ၁၀ နှစ်၊ ၁၅ နှစ် ၊နှစ် ၂၀ ရေရှည်နေထိုင်ခွင့်ပြုကြောင်း၊ ၅ နှစ်သက်တမ်း အခွင့်ထူးခံ ဗီဇာသည် ထိုင်းဘတ် ကိုးသိန်း ကုန်ကျပြီး ၁၀ နှစ်သက်တမ်း အခွင့်ထူးခံ ဗီဇာမှာ ထိုင်းဘတ် ၁ ဒသမ ၅ သန်း၊ ၁၅ နှစ်သက်တမ်း အခွင့်ထူးခံဗီဇာမှာ ထိုင်းဘတ် ၂ ဒသမ ၅ သန်း၊ နှစ် ၂၀ အထက် သက်တမ်း အခွင့်အထူးခံ ဗီဇာမှာ ထိုင်းဘတ် ၅ သန်း ပေးရကြောင်း သိရှိရသည်။