ယင်းမာပင်၊ သံဘိုရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦးသေဆုံး၊ အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရ
ရန်ကုန်၊ ဒီဇင်ဘာ ၆
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ သံဘိုရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၅ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်ခန့်တွင် မုံရွာချင်းတွင်း တံတားထိပ်ရှိ အောင်ဇေယျကုန်းပေါ်၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ယင်းမာပင်မြို့နယ်၊ သံဘိုရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၃ ဦးသေဆုံးက အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် သေဆုံးသွားသော ပြည်သူ ၃ ဦးမှာ အသက် ၄၂ နှစ်အရွယ် မစန်းမာ ၊ အသက် ၄၅ နှစ်အရွယ် မမာကြူ နှင့် အသက် ၂၃ နှစ်အရွယ် မတင်တင်ဝင်း တို့ဖြစ်ကြောင်း သိရှိရသည်။
“ဘာတိုက်ပွဲမှ မရှိဘဲ ကျေးရွာဘက်ကို လက်နက်ကြီးနဲ့ ရမ်းသမ်း ပစ်ခတ်တာ သံဘိုကျေးရွာထဲမှာရှိတဲ့ နေအိမ် ၁ လုံး ကို ကျည်ကျပြီး အမျိုးသမီး ၃ ဦး သေဆုံးတယ်။ ၂ နှစ်သား ကလေးငယ် ၁ ဦးနဲ့ ပြည်သူ ၂ ဦးလည်း ထိခိုက်ဒဏ်ရာရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။


