29.5 C
Yangon

ရန်ကုန်၊ နေပြည်တော်၊ မန္တလေး အပါအဝင် တစ်နိုင်ငံလုံးတွင် စက်သုံးဆီ ရရှိရေး ဆီဆိုင်တိုင်းတွင် တန်းစီစနစ်ဖြင့် ပြည်သူများ အကြိတ်အနယ် တိုးဝှေ့ ဝယ်နေရ

Must read

ရန်ကုန်၊ နေပြည်တော်၊ မန္တလေး အပါအဝင် တစ်နိုင်ငံလုံးတွင် စက်သုံးဆီ ရရှိရေး ဆီဆိုင်တိုင်းတွင် တန်းစီစနစ်ဖြင့် ပြည်သူများ အကြိတ်အနယ် တိုးဝှေ့ ဝယ်နေရ

ရန်ကုန်၊ ဒီဇင်ဘာ ၆

စစ်ကောင်စီက သွင်းကုန်လုပ်ငန်းများထံ ရောင်းချပေးနေသည့် အမေရိကန်ဒေါ်လာကို ပြတ်လပ်နေသဖြင့် ရန်ကုန်၊ နေပြည်တော်၊ မန္တလေး အပါအဝင် တစ်နိုင်ငံလုံးတွင် စက်သုံးဆီများ ပြတ်လပ်နေပြီး စက်သုံးဆီများ ရရှိရေး ဆီဆိုင်တိုင်းတွင် တန်းစီစနစ်ဖြင့် ပြည်သူများ အကြိတ်အနယ် တိုးဝှေ့ ဝယ်နေရကြောင်း ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁ ရက်နေ့မှစတင်ပြီး ဓာတ်ဆီ၊ ဒီဇယ်ဆီ တင်သွင်းနေသည့် သွင်းကုန်လုပ်ငန်းရှင်များကို စစ်ကောင်စီက ဒေါ်လာ မရှိတော့၍ စျေးကွက်ပေါက်စျေးထက် နိမ့်သော ဗဟိုဘဏ် သတ်မှတ်စျေးဖြင့် အမေရိကန်ဒေါ်လာ ရောင်းချပေးမှုကို ရပ်ဆိုင်းလိုက်ကြောင်း၊ ယင်းသို့ ရပ်ဆိုင်းလိုက်သဖြင့် စက်သုံးဆီ လုပ်ငန်းရှင်များမှာ ဆီတင်သွင်းရန် ဒေါ်လာဝယ်ယူ၍ မရတော့ကြောင်း၊ ထို့ကြောင့် ပြည်တွင်းသို့ ဆီအဝင်မရှိဘဲ စစ်ကောင်စီက အရန်ဆီများ ထုတ်ပေးရကြောင်း၊ အရန်ဆီများကို ထုတ်ပေးရာတွင်လည်း ကန့်သတ်ချက်များ လုံလောက်စွာ မထုတ်ပေးနိုင်သဖြင့် ဒီဇင်ဘာလ ၁ ရက်နေ့မှစတင်ပြီး တစ်နိုင်ငံလုံးမှ စက်သုံးဆီ လာရောက်ထုတ်ယူကြသည့် ဆီဘောက်ဆာကားများ ထောင်ချီ၍ သီလဝါတွင် စုပြုံ တိုးနေကြကြောင်း၊ ဆီဆိုင်များတွင်လည်း ဆီကို လုံလောက်စွာ မရောင်းချနိုင်တော့ကြောင်း သိရှိရသည်။

“ရန်ကုန်မှာတော့ ဒီမနက် ဆီဆိုင်တိုင်းမှာ ကားတန်းရှည်ကြီးတွေနဲ့ တန်းစီနေကြတာ။ တချို့ဆိုင်တွေက 92 ပဲ ရောင်းတယ်။ တချို့ဆိုင်တွေက 95 ပဲ ရောင်းပေးတယ်။ တချို့ဆိုင်တွေက အကန့်အသတ်နဲ့ ရောင်းပေးတယ်။ တချို့ဆိုင်တွေက အပြည့်ရောင်းပေးတယ်။ အခု မနက် ၉ နာရီလောက်မှာတော့ ဆိုင်တော်တော်များများ ဆီကုန်ပြီလို့ ပြောတယ်။ ညနေမှ ပြန်ရမယ်ပြောတယ်။ သီလဝါမှာ ဆီသွားထုတ်ရမယ်ပြောတယ်” ဟု ရန်ကုန်မြို့မှ တက္ကစီယာဉ်မောင်းတစ်ဦးက ပြောဆိုသည်။

အလားတူ နေပြည်တော်နှင့် မန္တလေးတို့တွင်လည်းကောင်း၊ ပဲခူး၊ တောင်ငူတို့တွင်လည်းကောင်း၊ အနယ်နယ်အရပ်ရပ်မြို့ကြီးများတွင် စက်သုံးဆီ ရရှိရေး တိုးဝှေ့ဝယ်ယူနေကြရပြီး လမ်းဘေးတွင် ရေသန့် တစ်လီတာဗူးများဖြင့် ရောင်းချသည့် စက်သုံးဆီ ပြင်ပစျေးကွက်လည်း ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

“ရေသန့် တစ်လီတာ တစ်ဗူးကို ၄၀၀၀ တဲ့ ။ ဆိုင်ကယ်အတွက် အရေးကြီးတဲ့သူကတော့ ထည့်တာပေါ့။ အလျင်မလိုရင်တော့ ဆိုင်မှာ သွားတိုးရတာပဲ” ဟု မန္တလေးမှ ပြည်သူတစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီက စက်သုံးဆီတင်သွင်းရောင်းချနေသည့် လုပ်ငန်းရှင်များကို ပြင်ပပေါက်စျေးဖြင့် ဒေါ်လာဝယ်ယူ၍ ဆီတင်သွင်းရန် ပြောဆိုလိုက်ပြီး စစ်ကောင်စီဗဟိုဘဏ်အနေဖြင့် ဒေါ်လာစျေးနှုန်းကို ရည်ညွန်းသတ်မှတ်စျေး မလုပ်တော့ဘဲ ပြင်ပစျေးကွက်ရှိ ရောင်းလိုအားနှင့် ဝယ်လိုအား အတိုင်း စျေးကွက်ပေါက်စျေးနှုန်း အရောင်းအဝယ်ပြုလုပ်နိုင်ကြောင်း ဒီဇင်ဘာလ ၅ ရက်နေ့တွင် ကြေညာလိုက်သည်။

လက်ရှိတွင် ရန်ကုန်၊ နေပြည်တော်၊ ပဲခူး၊ မန္တလေး၊ တောင်ငူ အစရှိသည့် မြို့ကြီးများတွင် စက်သုံးဆီများ ပြတ်လပ်နေပြီး ဝယ်မရတော့ကြောင်း၊ စက်သုံးဆီ မှောင်ခိုစျေးကွက်လည်း ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

“တောင်ငူမြို့မှာလည်း ဆီပြတ်လပ်နေပြီ။ နီလာရိုးမ ၊ရွှေဝါ ၊ New Day ဆီဆိုင် ၊ တခြားအိမ်ဆိုင် ဆီဆိုင်တွေမှာ ဆီမရတော့ဘူး။ အားလုံး ဒုက္ခရောက်နေကြတယ်” ဟု တောင်ငူဒေသခံတစ်ဦးက ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article