ကျောက်မဲနှင့် နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၂ ခုကို TNLA က သိမ်းပိုက် ၊ စစ်သားများ ထွက်ပြေးပြီး လက်နက် ၂၃ လက်နှင့် ခဲယမ်း အများအပြား သိမ်းဆည်းရရှိ
ရန်ကုန်၊ ဒီဇင်ဘာ ၆
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲနှင့် နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၂ ခုကို TNLA က တိုက်ခိုက် သိမ်းပိုက် လိုက်ကြောင်း TNLA က သတင်းထုတ်ပြန်သည်။
ဒီဇင်ဘာလ ၅ ရက်နေ့ ည ၈ နာရီအချိန် ကျောက်မဲမြိုနယ် စစ်ကောင်စီ မိုင်းလုံတပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ အဆိုပါ တပ်စခန်းတွင် တအာင်းတပ်မတော် TNLA ဝင်ရောက်တိုက်ခိုက်ချိန်တွင် စစ်ကောင်စီတပ်မှာ တပ်ပျက်ပြီး ကစဥ်ကလျား ထွက်ပြေးသွားခဲ့ကြောင်း၊ စစ်ကောင်စီ၏ 80/60MM လက်နက်ကြီးအပါအဝင်၊ လက်နက် ၁၃ လက်နှင့် စစ်သုံးဆောင်ပစ္စည်းများ ရှင်းလင်းသိမ်းဆည်းရမိကြောင်း သိရှိရသည်။
အလားတူ ဒီဇင်ဘာလ ၅ ရက်နေ့ ည သန်းခေါင်းအချိန် နမ့်ခမ်းမြိုနယ် စစ်ကောင်စီ မိုင်းဝီးတပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA မှ ဝင်ရောက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ အဆိုပါ မိုင်းဝီးတပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA က ၁၀၂၇ စစ်ဆင်ရေးအတွင်း ဒီဇင်ဘာ ၂ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး၊ ၄ ရက်အကြာ ဒီဇင်ဘာ ၅ ရက်နေ့တွင် အလုံးစုံသိမ်းပိုက်ရရှိခဲ့ကြောင်း၊ ၎င်းတပ်စခန်းအတွင်း စစ်ကောင်စီ၏ 60 MM လက်နက်ကြီးအပါအဝင် လက်နက် (၁၀) လက်၊ ခဲယမ်းများ နှင့် စစ်သုံးဆောင်ပစ္စည်းများ ရှင်းလင်းသိမ်းဆည်းရမိကြောင်း သိရှိရသည်။
လတ်တလော သိမ်းပိုက်ရရှိသည့် တပ်စခန်း ၂ ခုအပါအဝင် ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့သည့် အောက် တိုဘာ ၂၇ ရက်မှ ဒီဇင်ဘာလ ၅ ရက်နေ့အထိ TNLA က စစ်ကောင်စီ တပ်စခန်း ၅၃ ခုကို ရှင်းလင်းသိမ်းပိုက် ရမိပြီးဖြစ်ကြောင်း သိရှိရသည်။