လောက်ကိုင်မြို့အနီးရှိ လေးမျက်နှာစေတီကုန်း၌ တပ်စွဲထားသော စစ်စခန်းကို MNDAA က တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး စစ်သား ၁၁ ဦးအရှင်ဖမ်းမိ၊ ကိုးကန့်ဒေသ ပြန်လည် ထူထောင်ရေး အောင်မြင်တော့မည်ဟု MNDAA အသိပေး
ရန်ကုန်၊ ဒီဇင်ဘာ ၆
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့အနီးရှိ လေးမျက်နှာ စေတီကုန်း၌ တပ်စွဲထားသော စစ်စခန်းကို MNDAA က တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး စစ်သား ၁၁ ဦးအရှင်ဖမ်းမိခဲ့ကြောင်း ကိုးကန့် MNDAA ထံမှ သိရသည်။
ဒီဇင်ဘာလ ၃ ရက်နေ့ နံနက် ၆ နာရီခွဲခန့်မှ စတင်၍ တာရင်တောင် (လေးမျက်နှာစေတီကုန်း) ရှိ စစ်ကောင်စီ တပ်စခန်းများကို လက်နက်ကြီးများဖြင့် ဦးစွာပစ်ခတ်ခဲ့ကြောင်း၊ ထို့သို့ လက်နက်ကြီးများဖြင့် နံနက် ၁၁ နာရီခွဲခန့်အထိ ၅ နာရီကြာပစ်ခတ်တိုက်ခိုက်ပြီး နောက် ခြေလျင်တပ်ဖွဲ့ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မွန်းတည့် ၁၂ နာရီ ၂၂ မိနစ်မှ ညနေ ၃ နာရီ ၂၈ မိန်စအတွင်း တာရင်တောင်၏ နံပါတ် ၁ ၊ ၂ ၊ ၃ စခန်းတို့ကို သိမ်း ယူနိုင်ခဲ့ကြောင်း သိရသည်။
ထို့နောက် နှစ်ရက်အကြာ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက် ခိုက်ခဲ့ရာ ဒီဇင်ဘာလ ၅ ရက် နံနက် ၉ နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီ၏ နံပါတ် ၄ စခန်းကို သိမ်းပိုက်နိုင်ခဲ့ကာ တာရင်တောင်ကို အပြတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်သား ၁၁ ဦး အရှင် ဖမ်းမိခဲ့ပြီး ဖမ်းဆီးရရှိသူများတွင် သက်ကြီးရွယ်အို ဒဏ်ရာရစစ်သားများ ပါဝင်ကြောင်း သိရသည်။
အဆိုပါ တာရင်တောင်ကိုသိမ်းပိုက်ခဲ့သည်နှင့်အမျှ လက်ရှိလောက်ကိုင်မြို့၏ တောင်ဘက်ခြမ်းတွင် စစ်ကောင်စီမှ တပ်စွဲထားသော High Pointနေရာများမရှိတော့ကြောင်း၊ ကိုးကန့်ဒေသတွင်း၌ မီရှင့် ကုတ် ၊ နန်ထင်မိန် ၊ ရန်လုံကျိုင့် နှင့် တာရွှေထန် စသည့်တပ်စခန်းများသာကျန်ရှိတော့ပြီး ကိုးကန့်ဒေသ ပြန်လည် ထူထောင်ရေး အောင်မြင်တော့မည်ဟု MNDAA အသိပေး ထုတ်ပြန်ထားသည်။


