မုန်းမြို့ပေါ် တိုက်ပွဲအတွင်း စစ်တပ်က အရပ်သား နေအိမ် အဆောက်အဦးများကို ပစ်မှတ်ထား၍ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကျေးရွာ ၈၅ ရွာမှ ပြည်သူ ၆၀၀၀၀ ကျော်ထွက်ပြေး တိမ်းရှောင်နေရ
■ စစ်ဘေးရှောင် ပြည်သူများ စားနပ်ရိက္ခာ၊ ဆေးဝါး၊ အမိုးအကာနှင့် စောင်များ အရေးပေါ် လိုအပ်နေ
ရန်ကုန်၊ ဒီဇင်ဘာ ၇
ပဲခူးတိုင်း၊ မုန်းမြို့ပေါ် တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်က အရပ်သား နေအိမ် အဆောက်အဦးများကို ပစ်မှတ်ထား၍ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့်ကျေးရွာ ၈၅ ရွာမှ ပြည်သူ ၆၀၀၀၀ ကျော်ထွက်ပြေး တိမ်းရှောင်နေရကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
ညောင်လေးပင်ခရိုင်၊ မုန်းမြို့ပေါ် တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်က တိုက်ပွဲနှင့် မသက်ဆိုင်သော အရပ်သား ပြည်သူများနေထိုင်သည့် နေရာများကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ရေလဲကျေးရွာအတွင်းရှိ ဘုရားကျောင်း ၁ ကျောင်းနှင့် ပြည်သူလူထုပိုင်နေအိမ် ၄ လုံးခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်က အရပ်သား ပြည်သူများကို ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုများကြောင့် မုန်းမြို့ပေါ် ရပ်ကွက်များနှင့် အနီးအနားရှိ ကျေးရွာပေါင်း ၉၅ ရွာမှ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရပြီး ကောက်ခံရရှိသော စာရင်းအရ ကျေးရွာ ပေါင်း ၈၅ ရွာမှ ပြည်သူပေါင်း ၆၈၄၀၃ ဦးခန့်ရှိကြောင်း သိရသည်။
မုန်းမြို့ပေါ်အတွင်း နယ်မြေတည်ငြိမ်မှုမရှိသေးသည့်အတွက် ပြည်သူလူထုပိုင် ပစ္စည်း ဥစ္စာများထိခိုက်ပျက်စီးများမှု၊ ပြည်သူလူထိခိုက်သေဆုံးရမှု နှင့် ထွက်ပြေးတိမ်းရှောင် နေရသည့် ပြည်သူ လူထု၏ အချက်အလက်များကို အတိအကျကောက်ယူရရှိရန် ကြန့်ကြာနေကြောင်းသိရှိရသည်။
လက်ရှိအချိန်တွင် ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအား ကေအဲန်ယူ−ကရင်အမျိုးသား အစည်းအရုံးမှ ကူညီ စောင့်ရှောင့်ပေးနေသော်လည်း တစ်နေ့ထက်တစ်နေ့ များပြားလာသော စစ်ဘေးရှောင် ပြည်သူလူထုများ အားလုံးအတွက် လုပ်ဆောင်ပေးနိုင်ရန် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပြီး စစ်ဘေးရှောင် ပြည်သူလူထုများအတွက် အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ များဖြစ်သည် စာနပ်ရိက္ခာ၊ နေရာထိုင်ခင်းအတွက် အမိုးအကာများ၊ စောင် နှင့် ဆေးဝါးတို့အား အရေးပေါ် လိုအပ်လျက် ရှိကြောင်း သိရသည်။
အရေးပေါ် လူသားခြင်း စာနာထောက်ထားမှုဆိုင်ရာ အကူညီများအား ကူညီလုပ်ဆောင်ပေးလိုသူများ အနေဖြင့် မူးမြို့နယ်ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ၊ ပြည်တွင်းဌာနေမဲ့ ကရင်ဒုက္ခသည် များ ဆိုင်ရာကော်မတီ (C.I.D.K.P) နှင့် ကေအဲန်ယူ−သတင်းနှင့်ပြန်ကြားရေး (ဗဟို) ကို ဆက်သွယ်မေး မြန်းနိုင်ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။


