ရွှေဘိုမြို့နယ်၊ မြင်းစီရွာမှ ထွက်လာသည့် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံး၊ ရွှေဘိုမြို့ပေါ်ရှိ စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော နေရာများကို ပစ်ခတ် တိုက်ခိုက်
ရန်ကုန်၊ ဒီဇင်ဘာ ၇
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းစီရွာမှ ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၅ ဦးသေဆုံးခဲ့ကြောင်း FIRE Dragon (KU) အဖွဲ့ထံမှ သိရသည်။
ဒီဇင်ဘာလ ၅ ရက်နေ့တွင် ရွှေဘိုမြို့နယ်၊ မြင်းစီးရွာမှ ထွတ်လာသည့် စစ်ကောင်စီ တပ်သား ၂၈ ဦးပါ စစ်ကြောင်းကို ကန်သာကုန်းရွာ အရှေ့ကန်၌ တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ရဲ ၃ ဦးနှင့် ပန်းရံရွာမှ ပျူစောထီး ၂ ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရှိရသည်။
တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ပျူစောထီးများက လက်နက်ငယ်၊ လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့ရာ တော်လှန်ရေး ရဲဘော်များက လက်နက်ကြီး ၃ လုံးဖြင့် ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပျူစောထီးများ ထိခိုက် ဒဏ်ရာရရှိသူ များပြားကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို FIRE Dragon (KU) အဖွဲ့နှင့်အတူ ONEDAY REVOLUTION FORCE (Shawe Bo)၊ ရွှေဘိုခရိုင် တပ်ရင်း(၄)၊ ရွှေဘိုမြို့နယ်မြေခံ ပကဖ များနှင့်အတူ ပူးတွဲလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိဒ္ဓိရှင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၆ ရက်နေ့ ည ၉ နာရီ ၅ မိနစ်ခန့်တွင် ရွှေဘိုမြို့နယ်၊ ရွှေဘို တက္ကသိုလ်ကျောင်းထဲ၌ အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်များက ကျောင်းဝင်းရှေ့၌ သဲအိတ် ဘန်ကာများကာ၍ ပြည်သူများ အပေါ် ငွေညှစ်၊ စစ်ဆေးခြင်းများ ပြုလုပ်နေစဥ် တော်လှန်ရေး တပ်ဖွဲ့များက ဗုံးသီး၊ လက်ပစ်ဗုံးများ ပစ်သွင်း တိုက်ခိုက်ကာ လက်နက်ငယ်များဖြင့် မိနစ် ၂၀ ခန့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပြန်လည် ဆုတ်ခွာချိန်တွင်လည်း တော်လှန်ရေး တပ်ဖွဲ့များက ဆယ်မိုင်း ၂ လုံးပွိုင့် ၃ ပွိုင့်ဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းနေ့ ည ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ရွှေဘိုမြို့ ကညနရုံး အနီးရှိ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို လက်နက်ငယ်များဖြင့် ၁၅ မိနစ်ခန့် ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကာကွယ်ရေး ရဲဘော်များ အထိခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
ထို တိုက်ခိုက်မှုများအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဘက်မှ ၇ ဦး ထိခိုက် ဒဏ်ရာရရှိပြီး ၄ ဦးမှာ ရွှေဘိုမြို့ ဆေးရုံကြီးထဲ၌ ဆေးကုသမှု ခံယူနေပြီး ၂ ဦးမှာဒဏ်ရာ ပြင်းထန်ကာ သေဆုံးနိုင်ဖွယ်ရှိ ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို စိုင်နိုင်တိုက်နယ် (သိဒ္ဓိရှင် ပြည်သူ့ကာကွယ်ရေးအဖွဲ့) ပ.က.ဖ နှင့် တာနောယက္ခ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ညီနောင်
နှစ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။