ဘုတလင်၊ မုံရွာ၊ အရာတော်နှင့် သံဖြူဇရပ်မြို့နယ်တို့တွင် စစ်တပ်စခန်း၊ ဂိတ်တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၇ ဦးသေဆုံး
ရန်ကုန်၊ ဒီဇင်ဘာ ၈
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သာစည်အကျဉ်းထောင်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ဒရုန်းလေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Chindwin Brothers တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
ဒီဇင်ဘာလ ၅ ရက် နံနက် ၁၀ နာရီ ၂၅ မိနစ်ခန့်က မုံရွာမြို့နယ်၊ သာစည်အကျဉ်းထောင်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ပထမဆုံးအကြိမ်၊ နံနက် ၁၀ နာရီ မိနစ် ၅၀ အချိန်တွင် ဒုတိယ အ ကြိမ်၊ ထပ်မံ၍ တတိယအကြိမ်အဖြစ် နံနက် ၁၁ နာရီ ၁၃ မိနစ်အချိန်တို့တွင် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ကင်းစောင့်နေသည့် သစ်ပင် ဘန်ကာတစ်ခုအပေါ် ကျရောက်ပေါက်ကွဲခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများကို မုံရွာဆေးရုံသို့ လူနာတင် ကားများဖြင့် သယ်ဆောင်သွားကြောင်း သိရသည်။
“သာစည်မှာ သေတဲ့ရဲ ၂ ကောင်ပဲသိရသေးတယ်ဗျ၊ သစ်ပင်ကြားထဲက ဘန်ကာပေါ်ကျတာ၊ လွင့် စင်ထွက်ကုန်တာပဲ၊ အရာရှိ ပါသွားပုံရတယ်၊ မိန်းမတွေပါ ငိုနေကြတာ၊ လက်နက်ကြီးတွေနဲ့ပစ်ပြီး လက်နက်ငယ်တွေနဲ့ပါ လိုက်ပစ်လို့ ပြေးတော့ ပြေးလိုက်ရသေးတယ်၊ ရဲဘော်တွေအားလုံးတော့ ဘေးကင်းပါတယ်၊ ကျန်တဲ့နေရာတွေက စုံစမ်းနေတုန်းပဲဗျ” ဟု Chindwin Brothers တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အလားတူ ဒီဇင်ဘာလ ၄ ရက်နံနက် ၁၀ နာရီ ၁၀ မိနစ်တွင် ဘုတလင်မြို့ ဗန္ဓုလကြေးရုပ်အနီး ပထမတစ်ကြိမ်၊ မိုးကျောင်းရှေ့ ပထမအကြိမ်၊ ဒီဇင်ဘာလ ၂ ရက် နံနက် ၃ နာရီခွဲတွင် ဘုတလင်မြို့ စုပေါင်းရုံးကို တစ်ကြိမ်၊ နံနက် ၃ နာရီ ၄၈ မိနစ်တွင် ဘုတလင်မြို့ရဲစခန်းကို ပထအကြိမ်အဖြစ် ဒရုန်းလေယာဉ် ငယ်များဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၆ ရက် နံနက် ၁၀ နာရီ ၂၅ မိနစ်ခန့်အချိန် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် မိုးကျောင်းရှေ့သို့ ရောက်ရှိနေသော စစ်သား များကိုလည်းကောင်း၊ နံနက် ၁၀ နာရီ မိနစ် ၄၀ တွင် ဗန္ဓုလကြေးရုပ်အနီးရှိ အကြမ်းဖက်စစ်သားများ ကိုလည်းကောင်း၊ နံနက် ၁၁ နာရီတွင် အဆိုပါအကြမ်းဖက်စစ်သားများကိုလည်းကောင်း ထပ်မံ ဒရုန်းဖြင့် ဗုံးကျဲတိုက် ခိုက်ခဲ့ကြောင်း သိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ သစ်ကျင်းကြီးရွာ အထိုင်ချနေသော အကြမ်းဖက်စစ်သား၊ ပျူစောထီး များကို နံနက် ၃ နာရီ ၃၈ မိနစ်တွင် တစ်ကြိမ်၊ ၃ နာရီ ၄၅ မိနစ်တွင် တစ်ကြိမ်၊ ၅ နာရီ ၁၂ မိနစ်တွင် တစ်ကြိမ် ဒရုန်း လေ ယာဉ်ငယ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Chindwin Brothers (DGF တပ်ခွဲ)၊ ကနီ(B21)၊ မြို့နယ်အုပ်ကြီးများ (ဘတ လ)၊ တပင်ရွှေထီး၊ တကိုယ်တော်ပျံလွှား၊ မုံရွာခရိုင်တပ်ရင်း 14 ၊ Gaara BLDF ၊ SRAF BLDF၊ Future Star Monywa people Guerilla Forces၊ Special Forces(မုံရွာခရိုင်-CD)၊ ယင်းမာပင်ခရိုင် တပ်ရင်း ၃၅ နှင့် YMB တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ သက္ကော့လမ်းဝဂိတ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်များကို ဒရုန်း ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးခဲ့ကြောင်း Taung Nyo Column -P29906 ထံမှ သိရသည်။
ဒီဇင်ဘာလ ၅ ရက်နေ့က သံဖြူဇရပ်မြို့နယ်၊ သက္ကော့လမ်းဝဂိတ်ရှိ အကြမ်းဖက် စစ်ကောင်စီတပ် သားများကို ဒရုန်းသင်တန်းဆင်းရဲဘော်များ လက်တွေ့လေ့ကျင့်ခန်းသင်ခန်းစာ အဖြစ် ဗုံးသီး ၃ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးပြီး ၈ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ လက်နက်ကြီး ၂၁ လုံးခန့် ရမ်းသမ်းပစ်ခတ် တိုက်ခိုက်ရာ ရေး-သံဖြူဇရပ်လမ်းပိုင်းအချို့နေရာများနှင့် ပြည်သူ့နေအိမ်အချို့ထိမှန်ပျက်စီးခဲ့ ကြောင်း သိရသည်။
ဓာတ်ပုံ- NUG ကာကွယ်ရေးဝန်ကြီးဌာနမှ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၃ ရက်က ထုတ်ပြန်ထားသည့် တိုက်ခိုက်ရေး ဒရုန်းများအား တွေ့ရစဉ်။